News

POST TAGGED AS

ပြည်

20-Sep-2016

ပြည်
ဗျောက်အိုးရောင်းသူနှင့် ဖောက်သူများကို ပုဒ်မ ၁၈၈ အပြင် တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟုဆို
တောင်ငူ၊ စက်တင်ဘာ၂၀

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်မြို့ပေါ်ရပ်ကွက်များတွင် ဗျောက်အိုးရောင်းချသူနှင့် ဗျောက်အိုးဖောက်သူများကို ပုဒ်မ ၁၈၈ သာမက တည်ဆဲဥပဒေများဖြင့်ပါ အရေးယူသွားမည် ဖြစ်ကြောင်း ပြည်မြို့ ယာယီအုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်က ပြောကြားသည်။

“ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ တွေ့ဆုံ ညှိနှိုင်းသဘောတူညီချက်အရ စက်တင်ဘာ ၁၄ ရက်ကတည်းက မြို့တွင်းမှာ ငါးရက်လောက် လှည့်လည်အသိပေးပြီး ဖြစ်ပါတယ်။ အများပြည်သူ ထိတ်လန့်အောင်လို့ ဗျောက်အိုးဖောက်သူတွေနဲ့ ရောင်းချသူတွေကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မီးအိုး၊ ဗျောက်အိုး၊ မီးရှူး၊ မီးပန်းနှင့် အခြားအသံမြည် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ပစ်ပေါက်ကစားခြင်းများကို တားမြစ်သည့် ဥပဒေပုဒ်မ (၁၈၈) ကို စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“တရားမဝင် မီးရှူး၊ မီးပန်း ရောင်းချ၊ သိုလှောင်သူများကို အရေးယူဖို့ အုပ်ချုပ်ရေးအဖွဲ့တွေရော လွှတ်တော်ကိုစားလှယ်တွေရော အကုန်သဘောတူညီခဲ့ကြတာပါ။ ဖမ်းဆီးအရေးယူမှုတွေကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်နေပါပြီ” ဟု ပြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာက ပြောကြားသည်။

အဆိုပါ မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုးရောင်းချသည့် ဆိုင်များနှင့် ဗျောက်အိုးဖောက်သူများကို အရေးယူမည်ဖြစ်ကြောင်း သတိပေး ကြေညာချက် ထုတ်ပြန်ပြီးနောက် ပြည်မြို့ကျောင်း/အိုးရပ်ကွက်၊ ညဈေးတန်းမှ မီးရှူး၊ မီးပန်းနှင့် ဗျောက်အိုး တန်ဖိုးငွေ ကျပ်သုံးသိန်းခန့်၊ ပြည်မြို့မဈေးကြီး ရုံ (၂) ရှိ ဈေးဆိုင်တစ်ဆိုင်မှ တန်ဖိုးငွေကျပ် ၁၁ သိန်းခန့်၊ ပန်းတိမ်တန်းလမ်း ဈေးဆိုင်တစ်ဆိုင်မှ တန်ဖိုးငွေကျပ် ၁၆ သိန်းခန့်၊ ကုန်သည်လမ်းနှင့် ပွဲစားတန်း လမ်းထောင့်ရှိ နေအိမ်အတွင်းမှ တန်ဖိုးငွေကျပ် ၁၆ခန့်၊ စုစုပေါင်း ငွေကျပ်သိန်း ၅၀ ကျော်ခန့်တန်ဖိုး ရှိသော မီးရှူး၊ မီးပန်းများနှင့် ဗျောက်အိုးများကို ဖမ်းဆီးရရှိခဲ့ကြောင်း ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

“စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ဖမ်းဆီးရရှိခဲ့တဲ့ အမှုပေါင်း ငါးမှုတိတိရှိပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦးကို တရားစွဲဆိုနိုင်ခဲ့ပါတယ်” ဟု ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ငါးဦးကို ပြည်မြို့ အမှတ် (၁) နယ်မြေရဲစခန်းက (ပ) ၃-၄-၅-၆-၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့် လတ်တလောတွင် အမှုဖွင့် အရေးယူထားကြောင်း ပြည်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။



FOLLOW US