News

POST TAGGED AS

ပြည်

03-Apr-2018

ပြည်
ပြည်ရဲစခန်းအချုပ်တွင် အချုပ်သားနှစ်ဦး အရိုက်ခံရ၍ ဆေးရုံရောက်
ပြည်၊ ဧပြီ ၃

ခိုးမှုဖြင့်ဖမ်းဆီးခံထားရသည့် အချုပ်သားနှစ်ဦး ပြည်မြို့မရဲစခန်းတွင် အမှုစစ်ဆေးစဉ် ကာလအတွင်း အရိုက်ခံထားရသည့်အတွက် ပြည်ဆေးရုံသို့ အရေးပေါ် တင်ပို့ထားရကြောင်း အရိုက်ခံရသည့် အချုပ်သား၏ မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်က ပြောကြားသည်။

အဆိုပါအချုပ်သားနှစ်ဦးကို မတ်လ ၂၆ ရက်နေ့က ရွှေတောင်မြို့နယ်တွင် ပုဒ်မ ၃၈၀၊ ကျင့်ထုံး ၅၄ များဖြင့် ဖမ်းဆီးခဲ့ပြီး ပြည်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ ဧပြီလ ၂ ရက်နေ့ အချုပ်သား လာတွေ့ရာတွင် ယခုကဲ့သို့ အရိုက်ခံရသည်ကို သိရှိရခြင်းဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

“မနေ့ကအထိ အကောင်းပဲ ရှိသေးတယ်။ မျက်နှာတွေ၊ ဗိုက်တွေ၊ ခြေထောက်တွေမှာ ဒဏ်ရာတွေချည်းပဲ၊ လာတွေ့တာတောင် လမ်းမလျှောက်နိုင်လို့ တခြားအချုပ်ထဲကလူတွေ တွဲခေါ်လာရတယ်”ဟု ဒေါ်အေးအေးခိုင်က ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မစခန်းမှူးက ဆေးရုံပို့ပေးရန် ပြောဆိုပြီးနောက် ဧပြီလ ၂ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် ဆေးရုံသို့ တင်ပို့လိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဘယ်လိုဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။ စခန်းမှာလည်း မရှိတဲ့အချိန် အခုလိုဖြစ်သွားတော့ ချက်ချင်းဆေးရုံပို့ဖို့ လုပ်နေပါတယ်။ အမှုစစ်ရင်းဖြစ်တာလား အချင်းချင်း ဖြစ်တာလားဆိုတာ မသေချာသေးပါဘူး။ ဥပဒေအရ အရေးယူမှာပါ”ဟု ပြည်မြို့မရဲစခန်း စခန်းမှူးဒုရဲမှူး မြင့်ဇော်က ပြောဆိုသည်။

အဆိုပါရိုက်မှုဖြစ်ပွားသည့်နေ့က ရဲစခန်းတွင် တာဝန်ကျသည့် တာဝန်မှူးမှာ ဒုရဲအုပ်ကျော်လင်းနိုင်ဖြစ်ပြီး အချုပ်သားနှစ်ဦးမှာ ခိုးမှု ပုဒ်မ ၃၈၀/၅၄ ဖြင့် ဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဧပြီလ၂ ရက်နေ့ ညနေ ၅ နာရီခန့်က ပြည်ဆေးရုံကြီးကို တင်ထားရကြောင်း မြို့မရဲစခန်းနှင့် မိသားစုဝင်များထံမှ သိရှိရသည်။

“ညှဉ်းပန်းနှိပ်စက်တယ်ဆိုတာက ဘယ်လို အခြေအနေဖြစ်ဖြစ် မမှန်ကန်ဘူး။ ဒါလူ့အခွင့်အရေးကို ချိုးဖောက်တာပဲ။ ဒီလိုမျိုး ညှဉ်းပန်းနှိပ်စက်မှုလုပ်တာ လူသားတစ်ယောက် ဂုဏ်သိက္ခာကို အလေးမထားတဲ့ သဘောမျိုး ဖြစ်သွားတယ်။ တခြားနည်းလမ်းတွေနဲ့ စစ်ဆေးလို့မရဘူးလား”ဟု သံလွင်ခက် (Olive Branch Human Rights Initiative) မှ တာဝန်ခံ ဦးမင်းမင်းက ပြောဆိုသည်။

M-06



FOLLOW US