News

POST TAGGED AS

ပြည်

01-Apr-2018

ပြည် သင်္ကြန်
သင်္ကြန်ကာလ ပြည်မြို့ ရေကစားမဏ္ဍပ်များတွင် ရဲတပ်ဖွဲ့လုံခြုံရေး မပေးဟုဆို
ပြည်၊ ဧပြီ ၁

သင်္ကြန်​ကာလအတွင်း ပြည်မြို့ရှိ ရေကစားမဏ္ဍပ်များတွင် ရဲတပ်ဖွဲ့က လုံခြုံရေးများချထားပေးနိုင်မည်မဟုတ်ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ ရဲမှူးပြုံးလွင်က ပြောကြားသည်။

မဏ္ဍပ်​များတွင် ပုံမှန်ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ချထားပေးခြင်းထက် အရပ်သား အချင်းချင်း ထိန်းသည့်စနစ်ဖြင့်သာ ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဗဟိုမဏ္ဍပ်ကတော့ မပေးလို့မရဘူး။ သူ့တော့ ပေးရမယ်။ တခြား ရေကစားမဏ္ဍပ်တွေမှာတော့ မပေးတော့ဘူး၊ အရင်နှစ်တွေက ပေးတုန်းကလည်း ပေးနိုင်တဲ့အင်အားနဲ့ မလုံလောက်ဘူး။ အကြောင်းဖြစ်လာရင် စုဖွဲ့ဖို့ အခက်အခဲဖြစ်တယ်”ဟု ရဲမှူးပြုံးလွင်က ဆိုသည်။ 

ရေကစားမဏ္ဍပ်များတွင် လာရောက်ကစားသူများနှင့် လည်ပတ်သူ အများစုမှာ အရက်သေစာ သောက်စားထားကြသူများဖြစ်၍ အများစုကို ထိန်းသိမ်းရန်အတွက် အင်အားလိုအပ်ကြောင်း၊ အမှုကြီးများ မဖြစ်ပေါ်စေရန် အသင့်အနေအထားဖြင့်သာ စုဖွဲ့စောင့်ကြည့်နေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“မဏ္ဍပ်တွေ ကိုယ့်ဘာသာကိုထိန်းတာ ပိုကောင်းတယ်။ မဏ္ဍပ်တွေ မှာဖြစ်ရင် ကိုယ့်ဘာသာကိုယ်ထိန်းပေါ့။ မဏ္ဍပ်တွေမှာ ချထားတော့ ရပ်ကွက်တွေ လမ်းတွေထဲဖြစ်လာရင် လုံခြုံရေးအား နည်းသွားမယ်။ တကယ်ဖြစ်တာကလည်း ရပ်ကွက်လမ်းတွေမှာ အဖြစ်များတယ်။ အခုလိုဆိုရင်ပိုကောင်းတယ်”ဟု ပြည်မြို့ဒေသခံ ဦးခိုင်မြဲအောင်က ပြောဆိုသည်။

မဏ္ဍပ်အလိုက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို သီးခြားဖွဲ့စည်းပြီး မိမိတို့အစီအစဉ်ဖြင့် ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ထိန်းသိမ်းခြင်းနှင့် ထိန်းသိမ်း၍မနိုင်ပါက ရဲတပ်ဖွဲ့ထံသို့ ဖုန်းဆက်တိုင်ကြားရန် ဖုန်းနံပါတ်များလည်း ပေးထားကြောင်း၊ ဖုန်းဆက်ပါက အချိန်မရွေး လာရောက်မည်ဖြစ်ပြီး လူစည်ကားသည့်နေရာများတွင်မူ ရပ်ကင်းအနေနှင့် စောင့်ကြည့်မည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့တွင် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ် ၁၇ ခုလျှောက်ထားပြီးဖြစ်ကာ ၅ ခုမှာ လျှောက်ထားရန်ပြင်ဆင်နေကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ရေကစားမဏ္ဍပ်၂၉ ခုလျှောက်ထားခဲ့ပြီး ၂၄ ခုကို ခွင့်ပြုခဲ့ကြောင်း ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးထံမှ သိရသည်။

M-06



FOLLOW US