News

POST TAGGED AS

ပြည်

သဘာဝဘေး တုံ့ပြန်ကယ်ဆယ်ရေး ပြည်မြို့၌ သရုပ်ပြ


ပြည်၊ ဖေဖော်ဝါရီ ၂၄

သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက အသက်ဘေးလွတ်ရန် နေထိုင်ရှောင်ရှားနည်းနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်မြို့တွင်ပြုလုပ်ခဲ့သည်။

အဆိုပါ လက်တွေ့သရုပ်ပြခြင်းအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ပြည်ခရိုင်) နှင့် ပရဟိတအဖွဲ့အစည်းများ စုပေါင်းပြီး ပြည်မြို့၊ ခေတ္တရာမြို့သစ်ရှိ မင်္ဂလာရွှေပြည် အားကစားပြိုင်ကွင်းနှင့် ရန်ကုန်-ပြည်လမ်း၊ မြို့ပတ်ကွက် (၈) လမ်းတို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

“ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်လို့ ဆက်တိုက် လေ့ကျင့်ခန်းပြုလုပ်တဲ့အတွက် ပြည်သူတွေ ငလျင်ဘေးနဲ့ကြုံတွေ့တဲ့အခါမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိရှိသွားမယ့် အလေ့အထရသွားမယ်။ အရေးကြီးတာကတော့ ငလျင်ဆိုတာက ဘယ်အချိန် ဘယ်ကာလမှာ ထဖြစ်မယ်ဆိုတာ ကြုံတွေ့မယ်ဆိုတာ မသိနိုင်ဘူး”ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန (ပြည်ခရိုင်) ဦးစီးမှူး သန်းထွန်းအောင်က ပြောဆိုသည်။

အဆိုပါ သရုပ်ပြသခြင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မိုးမေတ္တာ နာရေးကူညီမှုအသင်း၊ ပရဟိတပါရမီ၊ နဝင်းချောင်းနားတန်း၊ ဂန္ဓမာ၊ မြို့သစ်နှင့် ဒေသခံများပါ ပါဝင်သရုပ်ပြကြခြင်းဖြစ်သည်။

“ကယ်ဆယ်ရေးက အဓိကကျတဲ့ အပိုင်းမှာပါတာကို၊ အားလုံးမြင်တဲ့အတိုင်းပဲ ကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ လက်ရှိအနေအထားတွေက ပြည့်စုံနိုင်မယ်မထင်သေးဘူး။ ငလျင်က ကျွန်တော်တို့မြန်မာပြည်မှာ ခပ်စိပ်စိပ်လေးလှုပ်လာတယ်၊ ပြောလို့မရဘူး။ တစ်ချိန်ချိန်မှာ အကြီးကြီးလှုပ်နိုင်တယ်။ ဒီအတွက် ဆက်တိုက်လေ့ကျင့်ရင် ကျွန်တော်တို့မှာ အလေ့အကျင့်တွေ ရသွားမယ်။ ပြည်သူလူထုလည်း နားလည်နိုင်တဲ့အတွက် ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်မယ်ထင်ပါတယ်”ဟု မိုးမေတ္တာ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်က ပြောဆိုသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ပညာပေးသရုပ်ပြပွဲကို သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြည်ခရိုင် ရွှေတောင်မြို့တို့တွင်လည်း ပြုလုပ်ခဲ့ပြီး ယခုအကြိမ်တွင် ပြည်မြို့နှင့် နောက်ပိုင်းတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။
 
M-06



FOLLOW US