News

POST TAGGED AS

ပြည်

ကားနှစ်စီးပြိုင်မောင်းပြီး ကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်၊ လူ ၁၀ ဦး ဆေးရုံရောက်
ပြည်၊ ဖေဖော်ဝါရီ ၁၀

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ဆင်မြီးစွဲသဲကုန်းလမ်းတွင် ကားနှစ်စီး အပြိုင်မောင်းကာ လမ်းလုမှုကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ယာဉ်နှစ်စီးပေါ်လိုက်ပါလာသူ ၁၀ ဦး ဆေးရုံတင်ခဲ့ရကြောင်း သဲကုန်းမြို့ ဆင်မြီးဆွဲ နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဆင်မြီးဆွဲ-သဲကုန်း မိုင်တိုင်အမှတ် ၁၅/၇ နှင့် ၁၆/၁ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆင်မြီးဆွဲဘက်မှ သဲကုန်းဘက်သို့ လားရာအတူတူ မောင်းနှင်လာသော လိုက်ထရပ်ယာဉ်နှင့် ဟွန်ဒါဖစ်ယာဉ်တို့မှာ လမ်းလု၍ အပြိုင်အဆိုင်မောင်းနှင်ရာမှ ကားချင်းချိတ်မိပြီး လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက် လယ်ကွင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ပြီး ဟွန်ဒါဖစ်ယာဉ်မှာ လမ်းယာဘက် ယူကလစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း ရဲစခန်း မှတ်တမ်းများအရ သိရသည်။

“ယာဉ်မောင်းနှစ်ဦးစလုံးကို အရေးယူထားတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားတယ်။ ဒီကိစ္စဖြစ်တာက လမ်းကြောယှဉ်လုရာကနေ ကားချင်းချိတ်မိပြီး အရှိန်မထိန်းနိုင်တာကြောင့် ဖြစ်ရတာပါ”ဟု ဆင်မြီးဆွဲ နယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် နှစ်ဖက်ယာဉ် နှစ်စီးစလုံးမှ ဒဏ်ရရှိသူ အမျိုးသား၊ အမျိုးသမီး ၁၀ ဦးတွင် ခြောက်ဦးမှာ စိုးရိမ်ရ အနေအထားရှိပြီး စိုးရိမ်ရ လူနာခြောက်ဦးတွင် ကားမောင်းသူနှစ်ဦးပါ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းများဖြစ်သည့် ဦးကျော်ဝင်းနှင့် ဦးပြည့်ဖြိုးအောင်တို့ကို ဆင်မြီးဆွဲ နယ်မြေရဲစခန်းက ယာဉ် (ပ) ၄/၂၀၁၈ ဥပဒေ ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဆင်မြီးဆွဲ နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

M-06



FOLLOW US