News

POST TAGGED AS

ပြည်

08-Feb-2018

ကျောင်း ပြည်
ပေါက်ခေါင်း ချောင်းဖြောင့်ကျေးရွာ စာသင်ကျောင်း အချိန်မရွေးပြိုကျမည့်အန္တရာယ်ရှိ


ပြည်၊ ဖေဖော်ဝါရီ ၇

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ချောင်းဖြောင့်ကျေးရွာရှိ မူလတန်းလွန် စာသင်ကျောင်း အချိန်မရွေးပြိုကျမည့် အန္တရာယ်နှင့်ကြုံတွေ့နေရကြောင်း အဆိုပါ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးက ပြောကြားသည်။

အဆိုပါကျောင်းမှာ ပျက်စီးယိုယွင်းနေမှု၊ ပြိုကျနိုင်သည့် အခြေအနေတို့ကြောင့် ပညာရေးမှူးရုံးသို့ ၂၀၁၆ ခုနှစ်မှ စတင်ကာ အန္တရာယ်ရှိ အဆောက်အအုံဖြစ်ပြီး ပြင်ဆင်ပေးရန် စာတင်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ပြင်ဆင်ရန် အကြောင်းပြန်ကြားခြင်း မရှိကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“အရင်တုန်းက ပြင်ပေးဖို့စာတင်တော့ သစ်အချို့ကျဖူးတယ်။ ကျောင်းဘေး နံရံကာတာလောက်ပဲ လုပ်လို့ရတယ်။ ကျောင်းက အတော်ယိုင်နေပြီး ဘေးအကာတွေရော၊ အောက်ခြေတိုင်တွေရော ဆွေးပြီးပြတ်နေပြီ”ဟု ဦးခင်မောင်ဌေးက ပြောဆိုသည်။

ယင်းကြောင့် ကျေးရွာမှစုပေါင်းပြီး ကျောင်းခြံစည်းရိုးကာခြင်း၊ ကျောင်းစာသင်ဆောင် ဘေးအကာများ စုပေါင်းလုပ်ဆောင်သော်လည်း လက်ရှိ ကျောင်းတစ်ခုလုံး ပြင်ဆင်ရန်ကိုမူ ငွေကြေးတတ်နိုင်မှု မရှိကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျောင်းက အခြေအနေတော်တော် ဆိုးတယ်။ လေနည်းနည်းပြင်းတာနဲ့ ပြိုကျသွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ ကလေးတွေအတွက် အန္တရာယ်များတယ်၊ ခုနှစ်တော့မရနိုင်ပေမယ့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ပြင်ပေးဖို့ ဦးစားပေးအဆင့်အနေနဲ့ တင်ဖို့ရှိတယ်။ ကြားထဲမှာလည်း အဆင်ပြေရင်တော့ အကောင်းဆုံးပေါ့”ဟု ပေါက်ခေါင်းမြို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောဆိုသည်။

အဆိုပါ ချောင်းဖြောင့်ကျေးရွာ မူလတန်းလွန်ကျောင်းမှာ မဆလခေတ်မှ တည်ဆောက်ထားခဲ့ပြီး သတ္တမတန်းအထိ သင်ကြားနေကာ စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၀ ခန့်ရှိကာ ပြိုကျခဲ့ပါက စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လာမည့် စာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ထိခိုက်မည်ကို ပိုမိုစိုးရိမ်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

M-06



FOLLOW US