News

POST TAGGED AS

ပြည်

23-Jan-2018

ပြည်
ဆေးကုလားမကို တရားဝင်ပို့ကုန်ဖြစ်ရန် ဆောင်ရွက်မည်


ပြည်၊ ဇန်နဝါရီ ၂၂

လျှော်ဖြူ (ခေါ်) ဆေးကုလားမပင်ကို တရားဝင်ဈေးကွက်ရှိသည့် ပို့ကုန်အဖြစ်တင်ပို့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နေပြည်တော် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်က ပြောကြားသည်။

ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်ခဲသည့် လျှော်ဖြူစိုက်ပျိုးသူများနှင့် တွေ့ဆုံပွဲအတွင်း ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတစ်လလျှင် ပြည်တွင်းမှလျှော်ဖြူ တရားမဝင်တန်ချိန် ခြောက်တန်မှ ခုနစ်တန်ခန့်အထိ တရုတ်နိုင်ငံသို့ထွက်ရှိနေပြီး အိန္ဒိယနိုင်ငံမှတစ်ဆင့် ပြည်တွင်းသို့ဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့နေမှုများလည်းရှိကြောင်း ယင်းဌာနထံမှ စုံစမ်းသိရှိရသည်။

“အဓိကဖြစ်နေတာက ဒီဟာကရောဂါ တော်တော်များများအတွက် အားဆေးလိုဖြစ်နေတော့ ဒီကပို့တယ်။ တရားဝင်မဟုတ်တော့ ဟိုဘက်က သက်ဆိုင်ရာတွေကလည်း ဓာတ်ခွဲစစ်ဆေးမှုတွေ မလုပ်ရတော့ ခွင့်မပြုဘူး။ စားချင်တဲ့သူတွေကလည်း ခိုးဝယ်ပြီး စားနေရတယ်ပေါ့။ ဒါကြောင်မို့လို့ ဒီကစိုက်ပျိုးသူတွေ တရားဝင် အသင်းအဖွဲ့လုပ်ပြီး အစိုးရနဲ့ လျှော်ဖြူလုပ်ငန်းရှင်တွေ အစုအဖွဲ့လုပ်ပြီး တရားဝင်လုပ်သွားမှာပါ”ဟု ဦးအောင်မောင်က ပြောဆိုသည်။

ယင်းကြောင့် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းထားပြီး ကုန်ပစ္စည်းနမူနာများကို ဓာတ်ခွဲစစ်ဆေးရန်ပြုလုပ်ထားကြောင်း၊ စစ်ဆေးချက်ရလဒ် ထွက်ပေါ်ပြီးပါက တရားဝင်လမ်းကြောင်း ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လျှော်ဖြူ (ခေါ်) ဆေးကုလားမကို ရေခဲမုန့်၊ ဂျယ်လီမုန့် စသည့် စားသောက်ကုန်လုပ်ငန်းများနှင့် တိုင်းရင်းဆေးဖော်စပ်ရာတွင်လည်းကောင်း၊ အထည်အလိပ်နှင့် ရက်ကန်းလုပ်ငန်းများ၊ စက္ကူ ပျော့ဖတ်နှင့် မှန်ထည်ပြုလုပ်ခြင်း စသည့် စက်မှုလက်မှုလုပ်ငန်းမျိုးစုံတို့တွင် ပေါင်းစပ်ရောနှောပစ္စည်းအဖြစ် အသုံးပြုကြသည်။ 

“လျှော်ဖြူကို ဒေသခံတွေ စိတ်ဝင်စားလာတာက ၂၀၁၅-၂၀၁၆ မှာ စိတ်ဝင်စားမှုများလာတယ်။ စိုက်တဲ့လူနဲ့ အစေးထုတ်တဲ့လူ အပင်ပြုစုနည်းတွေ ဈေးကွက်က အလှမ်းဝေးနေတယ်။ အစိုးရက အားပေးလာတာရှိတယ်။ ခိုင်မာတဲ့ဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်ပါ အားကောင်းလာရင်တော့ ပိုကောင်းလာမှာပါ”ဟု မြန်မာနိုင်ငံ လျှော်ဖြူအသင်း ဥက္ကဋ္ဌ ဦးမောင်နိုင်က ပြောဆိုသည်။

လက်ရှိ လျှော်ဖြူဈေးကွက်အတွင်း လျှော်ဖြူတစ်ပိဿာလျှင် ကျပ် ၈၀၀၀ ခန့်မှ အမျိုးအစားအလိုက် ကျပ် ၁၂ သိန်းအထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ လျှော်ဖြူပင်မှာ စိုက်ပျိုးရာမြေအမျိုးအစားအလိုက် အပင်သက်တမ်း လေးနှစ်ငါးနှစ်မှစတင်ကာ အစေးထုတ်ယူနိုင်ကြောင်း စိုက်ပျိုးသူများထံမှ စုံစမ်းသိရှိရသည်။

“စိုက်တာတော့ စိုက်နေပါပြီ။ သူ့ဈေးကွက်က ဘယ်လောက်ခိုင်မာတုံး၊ နောက်မှဈေးကွက်မရှိတော့ရင် တောင်သူတွေ အခက်အခဲဖြစ်လာမယ်။ မြေပြဿနာ၊ လယ်မြေယာမစိုက်ရတာမျိုး၊ ယာမြေဥယျာဉ်ခြံမြေ စတဲ့အခက်အခဲတွေလည်းရှိတယ်”ဟု ရွှေတောင်မြို့နယ်အတွင်း လျှော်ဖြူ (ခေါ်) ဆေးကုလားမ ကိုးဧကခန့် စမ်းသပ်စိုက်ပျိုးထားသူ ဦးထွန်းထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း လျှော်ဖြူ (ခေါ်) ဆေးကုလားမကို စစ်ကိုင်းတိုင်းအတွင်း ၂၇၈၀ ဧက၊ မန္တလေးတိုင်းအတွင်း ၁၂၄၃ ဧက၊ ပဲခူးတိုင်းအတွင်း ၃၆၅ ဒသမ ၅ ဧက၊ မကွေးတိုင်းအတွင်း ၂၉၅ ဧက၊ ဧရာဝတီတိုင်းအတွင်း သုံးဧကခန့်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ 

M-06


  • VIA


FOLLOW US