News

POST TAGGED AS

ပြည်

31-Dec-2017

ပြည် သင်တန်း
ပြည်တွင် ရပ်/ကျေး ကြီးကြပ်ရေးမှူးများကို သင်တန်းပေး


ပြည်၊ ဒီဇင်ဘာ ၃၀

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေအတိုင်း မျှတမှုရှိစေရန်နှင့် အငြင်းပွားမှုများ မဖြစ်ပေါ်စေရန်အပြင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေများ နားလည်သဘောပေါက်စေရန် ရပ်/ကျေး ကြီးကြပ်ရေးမှူးများကို သင်တန်းပေးရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောကြားသည်။

အဆိုပါ ရပ်/ကျေး ကြီးကြပ်ရေးမှူးများကို ပြည်မြို့၊ ခေတ္တရာခန်းမတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ဥပဒေရှင်းလင်းခြင်း သင်တန်းပေးနေကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရသည်။ 

“အဓိကရည်ရွယ်ချက်က ဥပဒေ အခန်း၃ ၊ ၅ မှာပါတဲ့ အုပ်ချုပ်ရေးမှူး အရည်အချင်းတွေကို သဘောပေါက်နားလည်အောင် အရည်အချင်းမကိုက်ညီရင် ပယ်ဖျက်ခွင့်ရှိကြောင်း သိစေချင်တယ်။ ကြီးကြပ်ရေးမှူးတွေက ဆယ်အိမ်စုမှူး ရာအိမ်စုမှူးတွေကို အဆင့်ဆင့် ဆောင်ရွက်သွားရမှာဖြစ်လို့ သူတို့တွေဥပဒေကို သေချာသဘောပေါက်သိပြီး လုပ်ဆောင်သွားနိုင်မှာပါ”ဟု ဦးမြတ်ကျော်က ပြောဆိုသည်။

ပြည်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ ရွေးချယ်တင်မြှောက်သွားနိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။  

“ဥပဒေမှာ တချို့အရာတွေက တိတိကျကျမရှိတော့ ဥပမာ အိမ်ခြေဘယ်လောက်မှာ ရာအိမ်မှူးတစ်ယောက် ဆိုတာမျိုးတွေ နားမလည်တာတွေရှိတယ်။ ပုဒ်မ ၅ ပါအရ အရည်အချင်း မကိုက်ညီတာတွေကို ကြီးကြပ်ရေးမှူးတွေက ဘာဘယ်လိုလုပ်နိုင်တယ်ဆိုတာမျိုးတွေ ကြီးကြပ်ရေးမှူးတွေရဲ့ သမာသမတ်ကျမှုတွေ လိုတယ်”ဟု ယင်းသင်တန်းသို့ တက်ရောက်လာသူ နတ္တလင်းကျေးရွာအုပ်စု ကမ္ဘီလာကျေးရွာမှ ကြီးကြပ်ရေးမှူး ဦးနေဇာက ပြောဆိုသည်။

တတိယအကြိမ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းပြီးဖြစ်၍ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် သမာသမတ်ကျ မျှတမှု၊ အငြင်းပွားမှုများမရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် အုပ်ချုပ်ရေးမှူးများ ဥပဒေပါ အရည်အချင်းမပြည့်ပါက ရက် ၃၀ အတွင်း တိုင်ကြားနိုင်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

ပြည်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ အုပ်စု ၆၉ အုပ်စုရှိပြီး ရပ်ကွက်၊ ကျေးရွာ တစ်ခုစီမှ ကြီးကြပ်ရေးမှူးငါးဦးဖြင့် ဆယ်အိမ်စုမှူး၊ ရာအိမ်စုမှူးများကို အဆင့်ဆင့် ရွေးချယ်မည် ဖြစ်သည်။   

M-06




FOLLOW US