News

POST TAGGED AS

ပြည်

ကလေးစာပေပွဲတော် ပြည်တွင် ကျင်းပ

ပြည်၊ အောက်တိုဘာ ၂၉

ကလေးများ စာဖတ်စွမ်းရည် မြင့်တက်လာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်ရည်ရွယ်၍ ကလေးစာပေပွဲတော်ကို ပြည်မြို့တွင် ကျင်းပခဲ့ကြောင်း ပဲခူးတိုင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးပိုင်က ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ တစ်ချိန်မှာ အားထားရမယ့် ကလေးတွေ သူတို့ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်လာရမယ်။ တိုးတက်ဖို့ဆိုတာ စာတွေဖတ်မှပဲ ရမယ်။ မကြာခဏလည်း လုပ်သွားပြီး စာဖတ်ချင်လာအောင် စည်းရုံးသွားရမယ်။ ခက်တာလည်း ခက်တယ်။ လူကြီးတွေတောင် စာဖတ်ဖို့ ပြောလို့မရတာ ကလေးတွေကို စိတ်ပါလာအောင်လုပ်ဖို့ခက်တယ်၊ ဒါပေမဲ့ ကလေးတွေကနေ စစည်းရုံးရမယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ပွဲတော်ကို ပြည်မြို့ အ.ထ.က ၁ ကျောင်းဝင်းအတွင်း အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခြင်းဖြစ်ပြီး စာအုပ်ရောင်းချခြင်းအပြင်  ကလေးကစားကွင်းများလည်း ထည့်သွင်းထားကြောင်း ဦးစိုးပိုင်က ပြောဆိုသည်။

“အခုခေတ်ကလေးတွေက ဖုန်းပဲ ပွတ်နေကြတယ်။ အားကစားတွေ လုပ်ဖို့ အားတဲ့အချိန်တွေ စာဖတ်ဖို့ လိုတယ်။ အခုလိုပွဲတွေလုပ်ပြီး ကလေးတွေကို စာဖတ်ချင် ကစားချင်လာအောင် စတဲ့ စိတ်ကလေးတွေ ဝင်လာအောင် လုပ်ပေးတာပါ”ဟု ပြည်ခရိုင် ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဦးက ရှင်းပြသည်။ 

ကလေးစာပေပွဲတော်တွင် ပြည်ခရိုင်ရှိ အစိုးရ စာသင်ကျောင်းများ၊ ပုဂ္ဂလိက ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် စိတ်ဝင်စားသူ ကလေးများနှင့် မိဘများ လာရောက်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ ဆေးရောင်ခြယ်၊ ကလေးကစားနည်းပြိုင်ပွဲများ၊ အပျော် ဆော့စရာများ၊ ပြည်မြို့ရှိ စာအုပ်ဆိုင်များနှင့် ကုမ္ပဏီများက ပါဝင်ခဲ့ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ 

“ဒီလိုစာဖတ်ဖို့ လုပ်ပေးတာမျိုးတော့ ကြိုဆိုပါတယ်။ ကလေးတွေမှာ နောက်တစ်ခု လိုအပ်နေတာက ကစားကွင်းတွေ မရှိတာပဲ၊ ကစားချိန် ကစားကွင်းတွေ မရှိဘူး”ဟု ကလေးစာပေပွဲတော်သို့ လာရောက်သည့် ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဦးနန္ဒာဦးက ပြောဆိုသည်။

M-06 



FOLLOW US