News

POST TAGGED AS

ပြည်

25-Oct-2017

ပြည်
နေပြည်တော်တွင် ဖမ်းမိသည့် လက်နက်များနှင့် ပတ်သက်ပြီး ဝေဖန်ရေးသားသည့် ရဲအရာရှိကို အရပ်ဘက်အဖွဲ့အစည်းများ တွေ့ ခွင့်မရ
ပြည်၊ အောက်တိုဘာ ၂၅

ပြီးခဲ့သည့်ရက်ပိုင်းက ACE ကုမ္ပဏီမှ ဦးဖြိုးကိုကိုတင့်ဆန်းနှင့်အတူ သိမ်းဆည်းရမိသည့်လက်နက်များတွင် အသုံးပြုသော ကျည်ဆန်များသည် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် လူသတ်သမား အသုံးပြုခဲ့သည့် ကျည်ဆန်များနှင့် တူညီသည်ဟု လူမှုကွန်ရက်ပေါ်တွင် ဝေဖန် ရေးသားခဲ့သည့် ပန်းတောင်းမြို့နယ် ထုံးဘိုနယ်မြေရဲစခန်းမှ ရဲအရာရှိကို ပြည်မြို့ အမှတ် ၃ နယ်မြေ ရဲစခန်းအတွင်း ယာယီ ချုပ်ထားစဉ် အရပ်ဘက် အဖွဲ့အစည်းများက သွားရောက် တွေ့ဆုံခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း ပြည်အရပ်ဘက် အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ 

ပြည်မြို့ အမှတ် (၃) နယ်မြေရဲစခန်းအတွင်း ၎င်းကို ယာယီ ချုပ်ထားပြီး စုံခုံ စစ်ဆေးကာ သက်သေခံ အကျဉ်းချုပ်ပြုလုပ်နေစဉ် အဆိုပါ ရဲအုပ်သည် ပရဟိတလုပ်ငန်းများတွင်လည်း တက်ကြွစွာကူညီခဲ့ဖူးသောကြောင့် သွားရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ယင်းအရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

“ပရဟိတ အလုပ်တွေ၊ ရေဘေး အလှူတွေမှာကော၊ ရခိုင်အရေး အလှူငွေ ကောက်ခံသွားလှူတဲ့ နေရာမျိုးတွေမှာပါ သူက အများကြီး ကူညီပေးထားဖူးတယ်။  ပြည်သူ့ရဲစစ်စစ် တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် တောင်းဆိုတာပါ”ဟု ပြည်မြို့ အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ ဦးနေဇာက ပြောဆိုသည်။

အဆိုပါရဲအရာရှိနှင့် တွေ့ခွင့်ရရန်နှင့် ၎င်းကို အရေးမယူရန်အတွက် အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်း၍ တောင်းဆိုခြင်းနှင့် စာတင်ပေးပို့ခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၅၄ အရ နိုင်ငံသားများ ရပိုင်ခွင့်က ရဲတွေ မပါသလို ဖြစ်နေတယ်။ ဒီကျည်ဆန်လေး နှစ်ခုတူတယ် ပြောတာက ပြစ်မှု ကျူးလွန်သလိုကြီး ဖြစ်နေတယ်။  ဒါကျတော့ ပြစ်မှုကြီး စုံခုံချုပ်ဖွဲ့စစ်တယ်။ လူ့အခွင့်အရေးတွေ ချိုးဖောက်သလို ဖြစ်နေတယ်။ ဒီလိုရဲတပ်ဖွဲ့က ရဲအရာရှိတစ်ယောက်ကို ဒီလိုလုပ်လို့  မှန်တာကို မပြောရဲတော့ရင် ဒါ ကျွန်တော်တို့ ပြည်သူကို ထိခိုက်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်တာပဲဖြစ်တယ်”ဟုံကာညျွေငါ့အီန်နညိနမ မှ ဦးကျော်ဆန်းက ပြောဆိုသည်။

အဆိုပါ စုံခုံဖွဲ့ စစ်ဆေးနေမှုမှာ တိုင်းအဆင့် ညွှန်ကြားချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး သက်သေခံ အကျဉ်းချုပ် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ အမှတ် ၃ စခန်းတွင် ခေတ္တ ချုပ်ထားခြင်းဖြစ်ကာ စစ်ဆေးသည့်အဖွဲ့များရှိကြောင်း၊ လတ်တလော မိသားစုဝင်များကိုသာ တွေ့ခွင့်ပေးထားပြီး အဆိုပါစစ်ဆေးနေစဉ်အတွင်း ကျန်းမာရေးကအစ ပြည့်စုံစွာ ထားရှိထားကြောင်း ပြည်အမှတ် ၃  နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။

M-06

  • VIA


FOLLOW US