News

POST TAGGED AS

ပြည်

ကထိန်အလှူတွင် ဒံပေါက်ထမင်း စားမိရာမှ လူ ၆၀ ခန့် အစာအဆိပ်သင့်

ပြည်၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် နှောကန်ရပ်ကွက်တွင် အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သော ကထိန်အလှူ၌ တည်ခင်းဧည့်ခံသော ဒံပေါက်ထမင်း စားသောက်ပြီးနောက် လူ ၆၀ ခန့် အစာအဆိပ်သင့်ကာ ၁၃ ဦး ဆေးရုံတင်ထားရကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ရပ်ကွက်ကထိန်အလှူ ဒံပေါက်လို့ထင်ကြတယ်။ မနေ့ကစပြီး အန်တယ် ဝမ်းသွားကြတယ်။ ဗိုက်တွေအောင့်ကြတယ်။ ဒီနေ့ထိကို လူ ၆၀ လောက်ရှိပြီ”ဟု အဆိုပါ ရပ်ကွက် ရာအိမ်မှူး ဦးမောင်မောင်က ဆိုသည်။

နှောကန်ရပ်ကွက် မာတိကာရုံကျောင်းသစ် ကျောင်းတိုက်တွင် အောက်တို့ဘာ ၁၄ ရက်က ပြုလုပ်သည့် ကထိန်အလှူတွင် တည်ခင်းဧည့်ခံသည့် ဒံပေါက်ထမင်းကိုစားမိ၍ ယင်းနေ့ ညနေပိုင်းမှစကာ အစာအဆိပ်သင့်ကာ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အော့အန်ဝမ်းသွားသူ ၆၀ ခန့်ရှိနေပြီး ဆေးရုံကိုရောက်ရှိလာသူ ၁၃ ဦးရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

“အစာအဆိပ်သင့်တဲ့ သဘောပါ။ မနေ့က အလှူမှာ စားတာကနေ ဖြစ်တယ်လို့ ပြောကြတယ်။ မူး အော့ အန်ပေါ့။ အရမ်းကြီးစိုးရိမ်ရတဲ့ အခြေအနေမှာတော့ မရှိပါဘူး။ဆေးချိတ်ဖို့လိုတဲ့ လူတွေကို ဆေးရုံပို့ထားပါတယ်။ ညပိုင်းအတွက်လည်း ဆရာဝန်တွေ ရောက်လာမှာပါ”ဟု ပြည်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဒေါ်ကေခိုင်ဝင်းက ပြောကြားသည်။

M-06



FOLLOW US