News

POST TAGGED AS

ပြည်သူ့ဆေးရုံ

ART ဆေးလာထုတ်သူများ အခမဲ့ တည်းခိုနိုင်
ကလေး၊ ဇွန် ၉ 

ကလေးပြည်သူ့ဆေးရုံသို့ ART ဆေး လာရောက်ထုတ်သူများ ခရီးဝေး၍ မိမိနေရပ်သို့ နေ့ချင်းမပြန်နိုင်ပါက ကလေးမြို့နယ်၊ စမ်းမြို့ ရပ်ကွက်အတွင်းရှိ ရွှေရတနာ ဥယျာဉ်စာသင်တိုက်တွင် ညအိပ်ညနေ တည်းခိုနိုင်ကြောင်း ယင်းစာသင်တိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝိမလက မိန့်ကြားသည်။ 

ကလေးခရိုင် ပြည်သူ့ဆေးရုံတွင် HIV/AIDS ရောဂါဝေဒနာရှင်များ သောက်သုံးရန် ART ဆေးကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိရာ ရပ်ဝေးမြို့နယ်များရှိ ဝေဒနာရှင်များက လာရောက် ဆေးထုတ်ယူရာတွင် ခရီးဝေးသည့်အတွက် ချက်ချင်းမပြန်နိုင်ဘဲ ညအိပ်ရန်ကြုံရသည့် ဝေဒနာရှင်များ၏ အခက်အခဲကို ဖြေရှင်းနိုင်ရန် ယင်းသို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ 

“ဆေးရုံကနေ ဘုန်းကြီးကျောင်းအထိ လာမယ်ဆိုရင်လာတဲ့ ကုန်ကျစရိတ်ကိုလည်း ထောက်ပံ့ပေးတယ်။ ကျောင်းမှာလည်း တည်းဖို့စားသောက်ဖို့ အတွက်လည်း စီစဉ်ပေးထားတယ်။ လူမျိုးမရွေး ဘာသာမရွေးပေါ့”ဟု ဆရာတော် ဦးဝိမလက မိန့်ဆိုသည်။ 

ကလေးမြို့ရှိ ပြည်သူ့ဆေးရုံတွင် HIV/AIDS ရောဂါတိုက်ဖျက်ရေး စီမံချက်အဖွဲ့ကို ၂၀၀၉ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး ART ဆေး အခမဲ့ဖြန့်ဝေမှုကို ၂၀၁၀ ပြည့်နှစ်တွင် စတင် ဖြန့်ဝေပေးခဲ့ကြောင်း၊ ယင်းသို့ ဖြန့်ဝေပေးခဲ့ရာတွင် ၂၀၁၈ ခုနှစ် မေလအထိ စာရင်းအရ HIV/AIDS ရောဂါဝေဒနာရှင်များအနက် ကလေးလူနာ ၈၈ ဦး၊ လူကြီးလူနာ ၁၂၄၉ ဦးကို ပေးဝေနေပြီး ART ဆေးပေးရာတွင် ပြည်သူ့ဆေးရုံကြီးနှင့် ခုခံအားကာလသား တိုက်ဖျက်ရေးဌာနစသည့် နေရာနှစ်နေရာတွင် ပေးဝေလျက်ရှိကြောင်း ကလေးခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

R-20



FOLLOW US