News

POST TAGGED AS

ပြည်သူ့ဆေးရုံကြီး

ကချင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုလျော့
မြစ်ကြီးနား၊ ဩဂုတ် ၁၁

ကချင်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လက်ရှိ ၁၃၉ ဦးရှိနေပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ယခင်နှစ်ထက်ဖြစ်ပွားမှု လျော့နည်းကြောင်း ပြည်နယ်ရောဂါမျိုးသယ်ဆောင်သော ပိုးကောင်များမှတစ်ဆင့် ကူးစက်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရပကန)ထံမှ သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ဇန်နဝါရီလမှ ဩဂုတ်လ ၈ ရက်နေ့အထိ ဖြစ်ပွားသူ ၁၇၃၅ ဦးရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဖြစ်ပွားမှုလျော့ကျသွားပြီး ယခုနှစ် ဩဂုတ်လအထိ ဖြစ်ပွားမှုသည် တစ်ပြည်နယ်လုံး၌ ၈ ရာခိုင်နှုန်းသာရှိကြောင်း အဆိုပါဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ရိန်က ပြောကြားသည်။

“ဒီနှစ်မှာတော့ မနှစ်ကထက်ဖြစ်ပွားမှုက နည်းတယ်ပေါ့။ ပြည်နယ်အတွင်းမှာ ၁၈ မြို့နယ်ရှိတဲ့ထဲက ၁၀ မြို့နယ်မှာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်တစ်ခုလုံး၌ အများဆုံးမှာ ၁၅ နှစ်အောက်ကလေးငယ်များတွင် အများဆုံးဖြစ်ပွားပြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူမရှိသေးကြောင်း၊ အဓိကသွေးလွန်တုပ်ကွေးရောဂါကို ရောဂါပိုးပါသည့် နေ့ခင်းဘက်၌ ကိုက်တတ်သည့် ခြင်ကျားများကြောင့်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ 

သွေးလွန်တုပ်ကွေးရောဂါကာ ကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုအနေနှင့် အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများနှင့် ရေတင်ကျန်နိုင်သော ကားတာယာများကို ခြင်မဝင်အောင် ဖုံးအုပ်ရန်၊ သောက်ရေ၊ သုံးရေ အိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးများ၏ အတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ရေရှားပါက ခြင်လောက်လန်းတွေ့သောရေကို နောက်အိုးတစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းကို တစ်ပတ်တစ်ကြိမ်ပြုလုပ်ရန်လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ထောင်ချီရှိခဲ့ပြီး သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၁၅ ဦးရှိခဲ့ကြောင်း ယင်းဌာနစာရင်းများအရ သိရသည်။

R-06



FOLLOW US