News

POST TAGGED AS

ပြည်သူ့ဆေးရုံကြီး

အင်းစိန်ဆေးရုံကြီးပတ်ဝန်းကျင်၌ ဈေးမရောင်းရန် အမိန့်ထုတ်

ရန်ကုန်၊ ဇူလိုင် ၁၂

အင်းစိန်ဆေးရုံကြီးအနီး ပတ်ဝန်းကျင်ရှိ လမ်းဘေးဈေးသည်များ ဈေးမရောင်းရန် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီက အမိန့်ထုတ်ပြန်ထားပြီး ဈေးသည်များက ယင်းမြို့နယ်ရှိ လွှတ်တော်အမတ်နှင့် သက်ဆိုင်ရာဌာနများထံသို့ အသနားခံစာ တင်ထားကြောင်း အဆိုပါဈေးသည်များထံမှ သိရသည်။

ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့က အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ယင်းဆေးရုံအနီးပတ်ဝန်းကျင်တွင် ဈေးရောင်းချလျက်ရှိနေသည့် လမ်းဘေးဈေးသည်များကို ဇူလိုင်လ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ဈေးဆိုင်များကိုဖျက်ပေးရန် ခေါ်ယူအသိပေးပြောကြားခဲ့ပြီးဖြစ်ကြောင်း ဆေးရုံအနီး စာအုပ်နှင့် ဖိနပ်များရောင်းချသည့် ဈေးသည်တစ်ဦးက ပြောကြားသည်။

“ဒီနေ့ ကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ မဖျက်ရသေးတဲ့ဆိုင်တွေကိုတော့ ကားပေါ်ကနေ ဓာတ်ပုံလာရိုက်သွားတယ်။ ကျွန်တော်တို့ဆိုင်ကို ဒီမနက်ပဲ စဖျက်ပြီး ဒီမနက်ပဲ ပိတ်ခဲ့တာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ ဆေးရုံအနီးပတ်ဝန်းကျင်တွင် ကုန်ပစ္စည်းမျိုးစုံ ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းပေါင်း ၄၀ ကျော်ရှိပြီး အမိန့်ထုတ်ပြီးနောက် ဇူလိုင် ၁၂ ရက်နေ့တွင် ဖျက်သိမ်းခဲ့သည့်ဆိုင်ခန်းပေါင်း ၂၉ ခန်းရှိကြောင်း၊ ထိုဈေးသည်များက ဇူလိုင်လ ၁၁ ရက်နေ့တွင် အင်းစိန်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေးကော်မတီ အုပ်ချုပ်ရေးမှူးများထံသို့ အသနားခံစာ တင်ထားကြောင်း ဈေးသည်တစ်ဦးက ပြောဆိုသည်။

“သူတို့ကတော့ စည်ပင်သာယာဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေရှင်းတာပေါ့။ ကျွန်တော်ကတော့ ဒီအတိုင်းမလုပ်ဖို့၊ နို့တစ်စာပို့ပြီးမှ လုပ်ပါလို့ပေါ့။ အခုဥပဒေနဲ့လုပ်နေတဲ့ကိစ္စကို ဥပဒေနဲ့ညီ မညီ စောင့်ကြည့်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ဥပဒေပြုတဲ့အဖွဲ့ ဖြစ်တယ်။ ဒီတော့ သူတို့လုပ်နေတဲ့အလုပ်ကို ကြားဖြတ်ပြီး ဝင်စွက်ဖက်လို့ မရသေးဘူး။ ဥပဒေဘောင်ကျော်ရင်တော့ ကျွန်တော်တို့ ဝင်ထိန်းကျောင်းရမယ့်တာဝန် ရှိပါတယ်”ဟု အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ရှင်းပြသည်။

လမ်းဘေးဈေးသည်များ စည်းကမ်းပျက်ခြင်း၊ မြို့တော်အင်္ဂါနှင့်မညီခြင်း စသည့် အကြောင်းပြချက်များဖြင့် လမ်း ဘေးဈေးမရောင်းရ အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဈေးသည်များအနေနှင့် ဈေးဆက်လက်ရောင်းချခြင်း၊ မဖျက်ခြင်းများ ရှိနေသည့်ဆိုင်ခန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ ဒဏ်ငွေအဖြစ်သော်လည်းကောင်း၊ ထောင်ဒဏ်အဖြစ်သော်လည်းကောင်း ချမှတ်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ စည်းကမ်းထိန်းသိမ်းပြီးတော့ အားလုံးကို တစ်ပြေးညီပဲဖြစ်အောင် ဆောင်ရွက်သွားမယ်”ဟု အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

J-12



FOLLOW US