News

POST TAGGED AS

ပြည်သူ့လွှတ်တော်

လွှတ်တော်ပဲ့ကိုင်သူ အသစ်

ရန်ကုန်၊ မတ် ၂၂

ယမန်နေ့က နုတ်ထွက်သွားသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နေရာတွင် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်းမြတ်ကို ရွေးချယ်တင်မြှောက်လိုက်သည်။ 

ဦးတီခွန်မြတ်နှင့်အပြိုင် အဆိုပြုခံရသူ ပျော်ဘွယ်မဲဆန္ဒနယ်မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးသောင်းအေးမှာ ထောက်ခံမဲ ၁၄၁ မဲသာ ရရှိပြီး ဦးတီခွန်မြတ်မှာ ထောက်ခံမဲ ၂၈၀ ရရှိခဲ့ခြင်းဖြစ်သည်။ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ်ဖြစ်လာသည့် ဦးတီခွန်မြတ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်ခဲ့ပြီး သူရဦရွှေမန်းကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနေရာမှ ဖယ်ရှားလိုက်ပြီးနောက် ဦးတီခွန်မြတ်လည်း ဗဟိုကော်မတီဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။

ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဇာတိဖြစ်ပြီး ကချင်လူမျိုးဖြစ်သည့် ဦးတီခွန်မြတ်မှာ ဥပဒေဘွဲ့ရတစ်ယောက်ဖြစ်သည့်အပြင် ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ယင်းအပြင် ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်လည်း ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချရာတွင် ဆက်နွှယ်ပတ်သက်သည်ဆိုသော အငြင်းပွားဖွယ် ဝေဖန်မှုများ ရှိခဲ့သော်လည်း မူးယစ်ဆေးဝါးကိစ္စတွင် ပါဝင်ပတ်သက်မှု မရှိကြောင်း ဦးတီခွန်မြတ်က ဖြေရှင်းပြောဆိုထားသည်။

ဦးတီခွန်မြတ်မှာ ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရပြီးနောက်တွင် ပါတီမှနုတ်ထွက်ခဲ့သူဖြစ်သည်။

ယင်းအပြင် ဦးတီခွန်မြတ်မှာ သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော်တွင် လုပ်ပိုင်ခွင့် အမြင့်ဆုံး ကော်မတီဖြစ်သည့် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

ပြီးခဲ့သည့် ငါးနှစ်သက်တမ်းတွင် ၎င်းအနေနှင့် ဥပဒေအသစ်ဖြစ်သည့် တိုင်းရင်းသားရေးရာ ဥပဒေတစ်ခုကို ကိုယ်တိုင် ရေးဆွဲခဲ့ပြီး လွှတ်တော်သို့ တင်ပြခဲ့သည်။ လက်ရှိတွင် ယင်းဥပဒေအရ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေးပါတီမှ ထပ်မံ ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

ယင်းနောက် NLD ပါတီဝင် လွှတ်တော်အမတ် အများစုရှိသော ပြည်သူ့လွှတ်တော်တွင် လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ရာထူးကို ပေးအပ်ခြင်းခံခဲ့ရပြီး ၂ နှစ်ကျော်ကာလတွင် လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ယခုကဲ့သို့ ရရှိခဲ့ခြင်းဖြစ်သည်။

မူလက NLD ပါတီဝင်ဖြစ်သော ဦးထွန်းထွန်းဟိန်သာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်လာမည်ဟု သတင်းထွက်နေသော်လည်း ပါတီလက်မဲ့ဖြစ်နေသော ဦးတီခွန်မြတ်ကို ရွေးချယ်လိုက်ခြင်းကြောင့် နိုင်ငံရေးလေ့လာသူများအကြား အံ့အားသင့်ဖွယ် ဖြစ်လာသည်။

ဦးရွှေမန်း၏ အားပေးထောက်ခံမှုကြောင့် ဦးတီခွန်မြတ် ဥက္ကဋ္ဌဖြစ်လာသည်ဟု ထောက်ပြမှုများ ရှိနေသော်လည်း NLD ပါတီဝင် လွှတ်ကိုယ်စားလှယ်များကမူ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကိုပေးရန် NLD ပါတီခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း ဆိုသည်။

နိုင်ငံရေးလေ့လာသူအချို့က ဦးရွှေမန်းနှင့်ဆက်နွှယ်သည့် ဦးတီခွန်မြတ်ကို ယခုကဲ့သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ခန့်အပ်လိုက်ခြင်းကြောင့် တပ်မတော်နှင့် တင်းမာမှုပိုမိုဖြစ်လာနိုင်ကြောင်း သုံးသပ်နေကြသော်လည်း အချို့ကမူ ဦးတီခွန်မြတ်ကြောင့် တပ်မတော်နှင့် ဆက်ဆံရေးပိုင်း ပိုကောင်းလာနိုင်ကြောင်း သုံးသပ်ကြသည်။

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခြင်းကြောင့် လုပ်ငန်းတာဝန်များ ထိရောက်အောင် လုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်ပြီး တပ်မတော်နှင့် ဆက်ဆံရေးကိုပါ ပြေပြစ်အောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ထားသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည် ဦးရဲထွန်း(သီပေါ)ကလည်း “ဦးတီခွန်မြတ်ရဲ့ အနေအထားကြောင့် တပ်နဲ့ကြားက ထိပ်တိုက်တွေ့မှုဟာ လျော့ကျသွားမယ်ထင်တယ်။ သူက ကချင်လည်း ဖြစ်၊ ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်၊ USDP ပါတီဝင်ဟောင်းလည်းဖြစ်တော့ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ မရှိတဲ့အတွက် ဦးဝင်းမြင့်နဲ့ယှဉ်ရင်တော့ ထိပ်တိုက်တွေ့မှု ပိုပြီး မပြင်းထန်လောက်ဘူး”ဟု သုံးသပ်ပြောဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ယခုနှစ် ဇူလိုင်လအတွင်း ပြည်ထောင်စု လွှတ်တော်နာယကတာဝန်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံမှ လွှဲပြောင်း တာဝန်ယူရမည်ဖြစ်၍ ဥပဒေပြုရေးကဏ္ဍကို ဦးဆောင်ရမည့်သူဖြစ်လာသည်။

ယင်းအပြင် ဥပဒေပြုရေးကဏ္ဍတွင် အရေးပါသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်ဖြစ်ရာ လက်ကျန်သက်တမ်းအတွင်း လွှတ်တော်၏လုပ်ဆောင်မှုများမှာ များစွာ ပြောင်းလဲသွားဖွယ်ရှိကြောင်း လွှတ်တော် အမတ်အချို့က သုံးသပ်နေကြသည်။

နိုင်ငံရေး လေ့လာသူအချို့ကလည်း သူရဦးရွှေမန်းကော်မတီအတွက်မူ ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းမှာ ဦးဝင်းမြင့်ရှိစဉ်ကထက် ပိုမို ခရီးရောက်နိုင်ကြောင်း သုံးသပ်နေကြသည်။



FOLLOW US