News

POST TAGGED AS

ပြည်သူလူထု

ရေဘေးကယ်ဆယ်ရေးအတွက် နှစ်လအ တွင်း ကျပ်သန်း ၈၀၀ ခန့်သုံးစွဲဟု အစိုးရထုတ်ပြန်

ရန်ကုန်၊ ဩဂုတ် ၂၇

နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၀ ခုရှိ ရေဘေးသင့်သူများအတွက် ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ကူညီထောက်ပံ့မှုဆိုင်ရာ စရိတ်အဖြစ် ကျပ်သန်း ၈၀၀ သုံးစွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါစရိတ်မှာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်၊ နေပြည်တော်၊ ရှမ်း၊ စစ်ကိုင်းတိုင်းတို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းပြီးသော်လည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းတို့တွင် ကယ်ဆယ်ရေးစခန်း ၅၂ ခုကျန်ရှိပြီး အိမ်ထောင်စု ၃၉၉၀ အနက် လူဦးရေ ၁၈,၄၂၂ ဦးမှာ ယာယီ ပြောင်းရွှေ့နေထိုင်ရဆဲဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဩဂုတ်လ ၂၅ ရက်က ထုတ်ပြန်ထားသည်။

“ရေကြီးမှု ရက်ဆက်လာတော့ ကယ်ဆယ်ရေးစခန်းတချို့မှာ ရိက္ခာလိုအပ်ချက်ရှိနေတယ် ကြားနေရတာပဲ”ဟု ကရင် ပြည်နယ် ကျုံဒိုးမြို့မှ ဒေသခံလူမှုကူညီရေးအဖွဲ့ဝင် ဦးစောလင်းမောင်က ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေနှင့် ဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးသင့်အိမ်ထောင်စု တစ်စုချင်းစီအလိုက် ကယ်ဆယ်ရေးပစ္စည်း ၉ မျိုးအပြင် နေအိမ်ပျက်စီးပါက အမျိုးအစားအပေါ် မူတည်၍ ကျပ်နှစ်သောင်းမှ ငါးသောင်းကြားထောက်ပံ့ပြီး ရိက္ခာအဖြစ်ဆန် အပါအဝင် သေဆုံးမှုရှိပါကလည်း ငွေကြေးအနေနှင့် သီးခြား ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

ကရင်ပြည်နယ်၌ ဩဂုတ်လဆန်းက ရေပြန်ကျခဲ့သဖြင့် ကယ်ဆယ်ရေး စခန်းအများစု ပိတ်သိမ်းခဲ့သော်လည်း တစ်ကျော့ပြန်ရေကြီးရေလျှံမှု ထပ်မံ ဖြစ်ပေါ်လာသည့်အတွက် လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ၁၈ ခုအထိ အများဆုံး ဖွင့်လှစ်ထားကာ လူဦးရေ ၁၂,၆၂၃ ဦး ပြောင်းရွှေ့နေထိုင်ရဆဲဖြစ်သည်။

J-17



FOLLOW US