News

POST TAGGED AS

ပြည်သူလူထု

သဘင်အစည်းအရုံး ရေဘေးအတွက် အလှူခံမည်ကို မန္တလေးစည်ပင် တားမြစ်
မန္တလေး၊ ဩဂုတ် ၎

ရေကြီးမှုများ ကြုံတွေ့နေရသည့် ပြည်နယ်နှင့်တိုင်းများမှ ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ရန် အလှူခံမည့်အစီအစဉ်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်မပြုကြောင်း မန္တလေးတိုင်း သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးပေါက်ကျိုင်းက ပြောကြားသည်။

မန္တလေးတိုင်း လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ မန္တလေးတိုင်း သဘင်ပရဟိတ လူမှုရေးအဖွဲ့များပူးပေါင်းကာ ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဒိုင်းမွန်းပလာဇာရှေ့၌ အလှူခံမည်ဖြစ်ကြောင်း၊ အလှူခံခွင့်ပြုနိုင်ရန် ဩဂုတ်လ ၁ ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံ တင်ပြခဲ့ခြင်းကို ကန့်ကွက်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ပြည်သူလူထုကို ဖျော်ဖြေရင်းနဲ့ ပရိယေသနဝမ်းစာရေးကို ကျောင်းနေကြရတဲ့ ဇာတ်ဆိုင်း၊ အငြိမ့်၊ ဘိသိက်စတဲ့ သဘင်မျိုးနွယ်စုတွေက ပြည်သူကအားပေးမှ ပြည်သူက ထမင်းကျွေးမှ အူမတောင့်ကြရမယ့်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီလူတွေအတွက် အမြဲတမ်း အထောက်အကူပြုနေတဲ့ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့သဘင်က ပြန်ပြီးတော့ မကူညီ မစောင့်ရှောက်ဘူးဆိုရင် ကျွန်တော်တို့လောက် ကျေးဇူးကန်းတဲ့လူတွေရှိမှာမဟုတ်ဘူး။ အာဏာပိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ စည်ပင် ကြိုက်သလိုလုပ်ပါ”ဟု ဦးပေါက်ကျိုင်းက ရှင်းပြသည်။

ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ ရေဘေးသင့်သူများအတွက် အလှူခံရန်တင်ပြမှုကို ဩဂုတ်လ ၂ ရက်နေ့တွင် ခွင့်မပြုဟု အကြောင်းပြန်ခဲ့ကြောင်း၊ ထိုသို့ခွင့်မပြုသဖြင့် အများပြည်သူထံမှ အလှူခံတော့မည်မဟုတ်ဘဲ သဘင်အလွှာ အသီးသီးမှသာ အလှူခံလျက်ရှိရာ လက်ရှိအချိန်တွင် ကျပ်သိန်းတစ်ရာခန့် ရရှိထားပြီးဖြစ်ကြောင်း မန္တလေးတိုင်း သဘင်အစည်းအရုံးထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ရေကြီးမှုများကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၂၆၀၀ ကျော်မှ လူဦးရေ ၁၂၂,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကာ လမ်းပန်းဆက်သွယ်ရေးများလည်း ပြတ်တောက်ခဲ့သည်။

“အုပ်ချုပ်မှုကိစ္စတွေမှာ ဒါနဲ့ပတ်သက်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးတဲ့အတွက်ကြောင့်ပါ။ ကော်မတီက အများနဲ့ဆိုင်တဲ့ ဧရိယာတွေမှာ ခွင့်မပြုတော့ဘူး။ ဒါက မူချထားတဲ့အတွက်ကြောင့်ပါ။ ကျုံးဘေးတို့၊ လမ်းပေါ်တို့၊ မနော်ရမ္မံလို နေရာမျိုးတွေမှာဆိုရင် ပြဿနာမရှိဘူး။ အများသူငါနဲ့သက်ဆိုင်တဲ့နေရာမျိုးတွေဆို ခွင့်မပြုတော့ပါဘူး”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။

M-05



FOLLOW US