News

POST TAGGED AS

ပြည်သူလူထု

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ


မော်လမြိုင်၊ ဧပြီ ၂

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ကျင်းပပြုလုပ်သွားမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီလ ၂ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေ၊ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ UPDJC နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသုဝေ၊ ဦးမင်းဇေယျာဦး၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

“ရေးမြို့နယ်မှာ မွန်ပြည်သစ်ပါတီက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့အတွက်ကို အကြိုညှိနှိုင်းအစည်း အဝေးလုပ်တာ၊ အကြိုညှိနှိုင်းကြတဲ့အဆင့်ပါ။ ဘယ်နေ့လုပ်မယ်ဆိုတာကတော့ ပြောလို့မရသေးဘူး”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

အစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ ကျင်းပပြုမည့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းလမ်းညွှန်များ၊ မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ ရှင်းလင်းဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီက ကျင်းပပြုလုပ်မည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီလ ၆ ရက်နေ့ ရေးမြို့နယ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း အဆိုပါဆွေးနွေးပွဲမတိုင်မီ အကြိုလူထုတွေ့ဆုံပွဲ ကျင်းပသည့်အစီအစဉ်မှာ တပ်မတော်က ကန့်သတ်မှုရှိသောကြောင့် လူထုတွေ့ဆုံပွဲများ မကျင်းပနိုင်သေးသည့်အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းထားရသည့် အနေအထားဖြစ်သည်။

“လူထုတွေ့ဆုံပွဲလုပ်ပြီးမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဖြစ်မယ်”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောခဲ့သည်။

မွန်ပြည်နယ်၌ လူမျိုးကိုအခြေခံသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီတစ်ရပ်ကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် အဖွဲ့ဝင် ၉ ဦးတို့ဖြင့် မတ်လ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

မွန်ပြည်နယ်အတွင်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီအနေနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးသွားရမည်ဖြစ်သည်။

Dawei Watch



FOLLOW US