News

POST TAGGED AS

ပြည်သူလူထု

ကိုလံဘီယာက လုံခြုံရေးတင်းကျပ်လိုက်ပြီးနောက် ဗင်နီဇွဲလားပြည်သူများ နယ်စပ်သို့သုတ်ခြေတင်


ကာရာကတ်စ်၊ ဖေဖော်ဝါရီ ၁၀

ကိုလံဘီယာသမ္မတ ဂျူအန်းမန် နူရယ်ဆန်းတော့စ်က နယ်စပ်လုံခြုံရေး တင်းကျပ်လိုက်ပြီးနောက်တွင် ဗင်နီဇွဲလားပြည်သူ ထောင်ပေါင်းများစွာသည် ကိုလံဘီယာနယ်စပ်ကို ဖြတ်ကူးရန် သုတ်ခြေတင်နေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အထူးနယ်စပ် အဝင်အထွက် ကပ်ပြားမှတ်ပုံတင်ထားသူများနှင့် နိုင်ငံကူးလက်မှတ်ရှိသူများသာ ကိုလံဘီယာနယ်စပ်ကို ဖြတ်ကူးနိုင်ကြမည်ဟု သိရှိရသည်။

လုံခြုံရေးအစီအစဉ်များ အပြည့်အဝ အကောင်အထည်ဖော်သည်နှင့် တစ်ပြိုင်နက် ကိုလံဘီယာသို့ဝင်ရန် ပိုမိုခက်ခဲသွားမည်ကို ဗင်နီဇွဲလားတို့က စိုးရိမ်နေကြသည်။

ဗင်နီဇွဲလား ထောင်ပေါင်းများစွာသည် ယာယီအလုပ်ရှာရန်နှင့် အခြေခံစားကုန်များ ဝယ်ယူရန်အတွက် ကိုလံဘီယာနယ်စပ်ကို နေ့စဉ် ဖြတ်ကူးဝင်ရောက်နေကြသည်။

အများစုက အိမ်ပြန်ကြသော်လည်း ဗင်နီဇွဲလားတွင် စီးပွားရေးအကျပ်အတည်း ပိုမိုဆိုးဝါးလာသည့်အတွက် အမြဲတမ်းနေထိုင်ရန် ကြံရွယ်သူပိုမိုများပြားလာမည်ဟု ကိုလံဘီယာအစိုးရက မျှော်လင့်ထားသည်။

ဗင်နီဇွဲလားသည် ငွေကြေးဖောင်းပွမှုနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးများ ပြတ်လပ်မှုကို နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည်။

ဘရာဇီးနိုင်ငံကလည်း နယ်စပ် ရိုရိုင်းမားပြည်နယ်တွင် ဗင်နီဇွဲလားပြည်သူ ထောင်ပေါင်းများစွာ မလုံမခြုံနေထိုင်နေရခြင်းကို စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ဗင်နီဇွဲလားတွင် လာမည့်ဧပြီလ ၁ ရက်တွင် သမ္မတရွေးပွဲများကျင်းပရန် စီစဉ်ထားပြီး ၂၀၁၃ ကတည်းက အာဏာရရှိထားသူ လက်ရှိသမ္မတ မာဒူရိုက ဒုတိယခြောက်နှစ် သက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဗင်နီဇွဲလား၏ အကျပ်အတည်းသည် အမေရိကန်ပြည်ထောင်စုက စီမံသော စီးပွားရေးနှောင့်ယှက်မှုများကြောင့် ဖြစ်သည်ဟု မာဒူရိုက အပြစ်ဖို့ပြောဆိုနေသည်။

ဗင်နီဇွဲလား အတိုက်အခံများမှာမူ အာဏာပိုင်များ၏ ဖမ်းဆီးနှောင့်ယှက်မှုများကြောင့် အားနည်းနေပြီး သမ္မတလောင်းကို ယခုအထိ မရွေးချယ်ရသေးပေ။

ရေနံကြွယ်ဝသော နိုင်ငံတွင် စီးပွားရေးပြိုလဲရခြင်းသည် ၁၉၉၉ ကတည်းက အာဏာကို ချုပ်ကိုင်ထားသော ဆိုရှယ်လစ်ပါတီ၏ မူဝါဒအလွဲများကြောင့် ဖြစ်သည်ဟု အတိုက်အခံများက ပြစ်တင်ဝေဖန်ထားသည်။ 
 
F-04



FOLLOW US