News

POST TAGGED AS

ပြည်ပ

အုတ်တွင်းမြို့တွင်း လှည့်လည်၍ ဆေးကုသပေးမည်
တောင်ငူ၊ ဩဂုတ် ၂၀

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၆ ခုကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းက မိုဘိုင်းလ်ယာဉ်ဖြင့် လှည့်လည်၍ ဆေးကုသပေးမည်ဖြစ်ကြောင်း အဆိုပါ အသင်းနာယက ဆရာတော် အရှင်တေဇက မိန့်ကြားသည်။

စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ အဆိုပါယာဉ်စထွက်မည်ဖြစ်ပြီး ပဲခူးရှိ မြို့ပေါ်ရပ်ကွက် ၆ ခုသို့ လှည့်လည်၍ ကုသပေးရန် လတ်တလော ရည်ရွယ်ထားကာ ကျေးလက်ဒေသများအထိ လှည့်လည်ကုသပေးနိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဆေးကုသရေးအတွက် အုတ်တွင်း စစ်ဆေးရုံကဆရာဝန်တစ်ဦးနဲ့ အခြားစိတ်ဝင်စားတဲ့ ဆရာဝန်တွေပါမယ်။ ဆေးကုသမှုအားလုံး အခမဲ့လုပ်ဆောင်ပေးမှာပါ”ဟု ဆရာတော် အရှင်တေဇက မိန့်ကြားသည်။

အဆိုပါ နယ်လှည့်ဆေးကုသရေး မိုဘိုင်းလ်ယာဉ်များတွင် ဆေးကုသမည့် မော်တော်ယာဉ်တစ်စီး အပါအဝင် အထောက်အကူပြုယာဉ် ၂ စီး၊ ကုသရေးဆရာဝန်တစ်ဦး၊ သူနာပြု သုံးဦးနှင့် အသင်းအလှည့်ကျ ဝန်ထမ်းများ ပါဝင်မည်ဖြစ်ကြောင်း ရင်ခုန်သံလူမှုကူညီရေးအသင်းထံမှ သိရသည်။

အုတ်တွင်းမြို့ ရင်ခုန်သံ လူမှုကူညီရေးအသင်းကို ဈေးကျောင်းတိုက်ဆရာတော် အရှင်တေဇဦးဆောင်၍ ၂၀၁၄ ခုနှစ် မှစတင်တည်ထောင်ခဲ့ပြီး နာယကဆရာတော်နှင့် ဥက္ကဋ္ဌတစ်ဦးအပါအဝင် အမှုဆောင်အဖွဲ့ဝင် ၂၄ ယောက်နှင့် အသင်းသား ၃၀၀ ကျော်ဖြင့် အုတ်တွင်း၊ တောင်ငူနှင့် ဖြူးမြို့အနီးဝန်းကျင်ရှိ မြို့များကို အခမဲ့ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုပေးခြင်းအပြင် ဆေးရုံဆေးခန်းများနှင့် ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှုများကို ဆေးရုံနှင့် နာရေးအိမ်များသို့ ကူညီပို့ဆောင်ခြင်းလုပ်ငန်းများကို အခမဲ့လုပ်ဆောင်ပေးနေသည့် လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည်။ 

R-15



FOLLOW US