News

POST TAGGED AS

ပြည်ပ

02-Aug-2018

ဆန် ပြည်ပ
ပြည်ပဆန်တင်ပို့မှု လျော့ကျ
ရန်ကုန်၊ ဩဂုတ် ၁

ရာသီဥတုအခြေအနေအရ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများအပြင် ပြည်ပသို့ စပါးအတိုင်း တရားမဝင်တင်ပို့မှုများကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု လျော့နည်းသွားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန်ပေါင်း ၇၄၁,၇၅၇ ဒသမ ၈၂ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂၅၆ ဒသမ ၇၅၇ သန်းရရှိထားကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“မနှစ်ကထက်စာရင်တော့ နည်းနေတယ်။ တင်ပို့မှုက ဆက်တိုက်နည်းလာတဲ့ အနေအထားပါ။ ဆန်က တရုတ်နိုင်ငံကို အဓိကပို့တာဆိုတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တင်ပို့ရောင်းချမှုနည်းသွားတာလည်းပါတယ်။ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေတာလည်းပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောကြားသည်။

လက်ရှိတွင် ပြည်ပဆန်တင်ပို့မှု အခြေအနေမှာလည်း အရောင်းအဝယ် အေးစက်လျက်ရှိပြီး ယခင်နှစ် ဆန်တင်ပို့မှုထက် တန်ချိန်တစ်သိန်းကျော် လျော့နည်းသွားကြောင်း ၎င်းက ပြောဆိုသည်။ 

“ပြည်ပတင်ပို့မှုက လက်ရှိအချိန်မှာ နည်းနည်းအေးတယ်။ အရင် ရောင်းထားတာတွေပဲ ပို့နေကြတာ။ ပြည်ပပို့တာက လက်ရှိဈေးနဲ့ ရောင်းမယ်ဆိုလည်း သိပ်မကိုက်ဘူး။ ပြည်တွင်းဈေးက ချပြီးရောင်းလို့မရတော့” ဟု ဆန်ကုန်သည် ဦးအောင်မြင့်က ဆိုသည်။ 

ယခုရေကြီးနစ်မြုပ်မှု အခြေအနေအရ စပါးအထွက်နှုန်းကို ထိခိုက်နိုင်ပြီး ပြည်ပတင်ပို့မှုကိုလည်း လျော့နိုင်ကြောင်း ဒလမြို့နယ်မှ တောင်သူဦးဆွေဦးက ပြောကြားသည်။

ထို့ကြောင့် ယခုနှစ် ဆန်တင်ပို့မှု အခြေအနေသည် ယခင်နှစ်ထက် တန်ချိန် တစ်သန်းခွဲကျော် လျော့ကျနိုင်ကြောင်း ဆန်ကုန်သည်များက သုံးသပ်သည်။

“ဆန်တင်ပို့မှုက မနှစ်ကတင်ပို့မှုကို မမီဘူး။ ကျမှာပဲ။ အများဆုံး (တန်) နှစ်သန်းနဲ့ နှစ်သန်းခွဲလောက်ပဲ ပို့နိုင်မယ်ထင်တယ်။ မနှစ်က သုံးသန်းကျော် ပို့နိုင်ခဲ့တာလေ။ ဒီနှစ်တော့ လျော့မယ်။ လျော့တာက ရေကြီးတာနဲ့တော့ သိပ်မဆိုင်ဘူး။ ဈေးကွက်အနေအထားကြောင့်လည်း ပါတယ်”ဟု ဆန်ကုန်သည် ဦးနေလင်းဇင်က သုံးသပ်ပြောဆိုသည်။

၂၀၁၄- ၁၅ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ ဒသမ ၈ သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်တွင် တန်ချိန် ၁ ဒသမ ၇သန်း တင်ပို့နိုင်ပြီး ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၃ ဒသမ ၆ သန်းခန့်အထိ စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ 

ရေကြီးနစ်မြုပ်မှုဒဏ်ကို အများဆုံး ခံစားခဲ့ရသည့် ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စပါးစိုက်ဧက နည်းပါးသည့်အပြင် မိုးစပါးများကို အောက်တိုဘာလအထိ အချိန်မီပြန်လည် စိုက်ပျိုးနိုင်သောကြောင့် ပြည်ပတင်ပို့မှုကို အနည်းငယ်ထိခိုက်နိုင်သော်လည်း ပြည်တွင်းစားသုံးမှုကိုမူ ထိခိုက်နိုင်ခြင်းမရှိကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။

J-11



FOLLOW US