News

POST TAGGED AS

ပြည်ပ

ပုဂံဘုရားများပေါ်မတက်ရန် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် သတိပေး

မန္တလေး၊ ဇန်နဝါရီ ၇

ပြည်တွင်းပြည်ပ ခရီးသွားများအနေနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ကြည့်ရှုနိုင်သောဘုရားများသို့ မတက်ရန် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် သတိပေးဗီနိုင်းများ ပြီးခဲ့သည့် ရက်ပိုင်းက စတင် ချိတ်ဆွဲထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်းရှိ ဘုရားအဆူ ၈၀ ခန့်သည် နေဝင် နေထွက်ချိန်ကို ကြည့်ရှုနိုင်သော နေရာများဖြစ်သော်လည်း ဘုရားများ၏ ကြံ့ခိုင်မှုနှင့် ခရီးသွားများ အန္တရာယ်မဖြစ်စေရေးအတွက် တားမြစ်ရခြင်းဖြစ်သည် ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ယခင်က ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စဝတီ၊ ပုဂံမျှော်စသည့် ဘုရားများပေါ်မှနေ၍ ပုဂံဒေသ ရှုမျှော်ခင်းများ ကြည့်ရှုခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်ပြီးနောက်ပိုင်း ရွှေဆံတော်၊ တောင်ဂူနီ၊ မြောက်ဂူနီဘုရားများပေါ် တက်ရောက်ခွင့် ရုပ်သိမ်းခဲ့ရာမှ လက်ရှိတွင် ကျန်ဘုရားများပေါ် တက်ခွင့် ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

ဘုရားပေါ် တက်ရောက်နေခြင်းနှင့်ပတ်သက်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပုဂံ ညောင်ဦးဒေသရှိ စီမံခန့်ခွဲရေး ကော်မတီများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးတစ်ရပ် မန္တလေးတိုင်းအစိုးရ အဖွဲ့ရုံး၌ ပြီးခဲ့သော နိုဝင်ဘာလကုန်ပိုင်း ကကျင်းပခဲ့သည်။ ယင်းအစည်းအဝေးဆုံး ဖြတ်ချက်များအရ ခရီးသွားကုမ္ပဏီများအနေနှင့် ခရီးသွား အစီအစဉ်ရေးဆွဲရာ၌ ဘုရားများကို နေဝင် နေထွက်ချိန် ရှုခင်းကြည့်နေရာအဖြစ် ထည့်သွင်းရေးဆွဲခြင်း မပြုရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သေးသည်။ 

“စတည်ကတည်းက အပေါ်ကို တက်လို့ရအောင် တည်ဆောက်ခဲ့တယ်လို့ ယူဆတယ်။ အရင်ကလည်း ဒီလိုပဲကြည့်လာခဲ့ကြတယ်။ အခုဘုရားတွေပေါ်ကနေ မကြည့်ရတော့ နိုင်ငံခြားသားတွေကို ရှုခင်းကြည့် တောင်ကုန်းတွေပေါ် လိုက်ပို့ရတော့ သိပ်အဆင်မပြေဘူး။ ဆိုတော့ ခရီးသွားကျသွားမှာ စိုးရိမ်ရတယ်”ဟု ပုဂံဧည့်လမ်းညွန်အသင်းနာယက ဦးခင်မောင်နုက ပြောကြားသည်။

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အနေနှင့် ပြည်တွင်း ပြည်ပ ခရီးသည်များ ပုဂံဒေသ ရှုခင်းများ ကြည့်ရှုနိုင်ရန် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်းနှင့် စူဠာမဏိကန်ရှုခင်းကြည့်တောင်ကုန်းများ တည်ဆောက်ပေးထားပြီး ရှုခင်းကြည့်နိုင်မည့်နေရာသစ်များ ထပ်မံရှာဖွေလျက်ရှိသည်။

M-05



FOLLOW US