News

POST TAGGED AS

ပြည်ပ

ပုဂံရှုခင်းကြည့်ဘုရားများတွင် သံပန်းများ ကာရံမည်

မန္တလေး၊ ဒီဇင်ဘာ ၉

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း နေဝင်ချိန်နေထွက်ချိန် ကြည့်ရှုနိုင်သည့် ဘုရားများပေါ် မတက်စေရန် သံပန်းများဖြင့် ကာရံမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်းက ဘုရားများပေါ်သို့ တက်ရာမှတစ်ဆင့် ပြုတ်ကျသည့်ဖြစ်စဉ် လေးကြိမ်ရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း၊ ပုဂံဒေသရှိ ဘုရားများသည် နှစ်ပေါင်းရာချီ ကြာမြင့်နေသည့်အပြင် သဘာဝ ဘေးဒဏ်များကိုလည်း အကြိမ်ကြိမ် ခံစားခဲ့ရပြီးဖြစ်၍ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီး ဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင် အောင်ကျော်က ပြောကြားသည်။

ပုဂံဒေသရှိ ရှေးဟောင်းအမွေအနှစ် များသည် ဗုဒ္ဓဘာသာကိုအခြေခံသည့် အမွေအနှစ်များဖြစ်ရာ ဘုရားစေတီများ ပေါ်သို့ လူအများအပြားက ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တက်ရောက်နေခြင်းသည် ဘာသာရေးရှုထောင့်အရ အဂါရဝဖြစ်စေသည်ဟုလည်း ၎င်းက ပြောဆိုသည်။ 

“ဒီကိုလာတဲ့သူတိုင်းက တက်လို့ရတဲ့ ဘုရားမှန်သမျှ အကုန် တက်နေတာပဲ။ ဒါ့ကြောင့် တက်လို့မရအောင် အကာအရံတွေ လုပ်ဖို့ စီစဉ်နေတာ။ အထူးသဖြင့် လိုဏ်ရှိတဲ့ဘုရား၊ လှေကားရှိတဲ့ ဘုရားတွေကို လိုက်စစ်နေတယ်။ အဲဒီမှာ သံပန်းတွေ တပ်မယ်။ လက်ရှိမှာတော့ အသိပညာပေးတာတွေနဲ့ ဘုရားတွေပေါ် မတက်ကြဖို့ ကြေညာပေးနေတယ်။ ဒီကိစ္စကို အမြန်ဆုံးလုပ်မယ်”ဟု ဦးအောင်အောင်ကျော်က ရှင်းပြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ယခင်က ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီ၊ ပုဂံမျှော် စသည့် ဘုရားများပေါ်မှနေ၍ ပုဂံဒေသ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်သော်လည်း ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ပြီးနောက်တွင် ရွှေဆံတော်၊ တောင်ဂူနီ၊ မြောက်ဂူနီဘုရားများပေါ်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။ သို့သော် ယခုနှစ် အောက်တိုဘာလအတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ရွှေဆံတော်ဘုရား ပထမပစ္စယာရှိ အုတ်သားနံရံ အစိတ်အပိုင်းအချို့ ပြိုကျခဲ့ပြီးနောက် ယင်းဘုရားပေါ်သို့ တက်ရောက်ခွင့် ပိတ်သိမ်းလိုက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည့် တောင်ဂူနီ၊ မြောက်ဂူနီဘုရားတို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ပြင်ဆင်ရန်ရှိသဖြင့် လက်ရှိတွင် ယင်းဘုရားများပေါ်သို့ တက်ရောက် ကြည့်ရှုခွင့် ရုပ်သိမ်းထားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့က အဂါရဝ ဖြစ်စေတယ်လို့ မယူဆဘူး။ စတင်တည်ဆောက်ကတည်းက အပေါ်ကို တက်ကြည့်လို့ရအောင် တည်ဆောက်ခဲ့တယ်လို့ ယူဆတယ်။ အရင်ကတည်းက ဒီလိုပဲ ကြည့်လာခဲ့ကြတယ်။ အခု ဘုရားတွေပေါ်ကနေ မကြည့်ရတော့ နိုင်ငံခြားသားတွေကို တောင်ကုန်းတွေပေါ်လိုက်ပို့ရတယ်။ ဒီအခါမှာ နိုင်ငံခြားသားတွေက သူတို့ ဒီနိုင်ငံကိုမလာခင် မြင်ခဲ့ရတဲ့မြင်ကွင်းတွေ နဲ့ အခုမြင်ရတဲ့မြင်ကွင်း မတူဘူးလို့ ပြောကြတယ်။ ခရီးသွားကျသွားမှာ စိုးရိမ်တယ်။ ကြံ့ခိုင်မှုကောင်းတဲ့ဘုရားတွေကို စစ်ဆေးပြီး ခွင့်ပြုပေးရင် အကောင်းဆုံးပါပဲ”ဟု ပုဂံဧည့်လမ်းညွန် အသင်းနာယက ဦးခင်မောင်နုက ပြောကြားသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အပေါ်သို့ တက်နိုင်သည့်ဘုရား အဆူ ၅၀ မှ ၈၀ ကြား ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။       

လက်ရှိတွင် အရှေ့အိုးထိန်းကုန်း၊ အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန် ရှုခင်းကြည့်တောင်ကုန်း၊ ညောင်လက်ဖက်ကန် ရှုခင်းကြည့်တောင်ကုန်းနှင့် စူဠာမဏိကန်ရှုခင်းကြည့် တောင်ကုန်းများပေါ်မှနေ၍ ပုဂံဒေသရှုခင်းများ ကြည့်ရှုနိုင်သည်။

M-05



FOLLOW US