News

POST TAGGED AS

ပြည်ထဲရေး

30-Mar-2017

ပြည်ထဲရေး
ရဲချုပ် တစ်နှစ်တိုးတာဝန်ထမ်းဆောင်ဖွယ်ရှိ
ရန်ကုန်၊ မတ် ၂၉

ပြည်ထဲရေးဝန်ကြီးဌာနက သက် ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူရန် ပြင်ဆင်နေသူ ရဲချုပ်ဇော်ဝင်းကို ဌာနလုပ်ငန်းတာဝန်များ မပြီးပြတ်သဖြင့် အဆိုပါရာထူးနှင့်ပင် နောက်ထပ်တစ်နှစ် တာဝန်ထမ်းဆောင်ရန် စီစဉ်နေကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူက ပြောကြားသည်။

ရဲချုပ်သည် သက်ပြည့်ပင်စင်မယူမီ ပြင်ဆင်ခွင့်လေးလ တောင်းခံခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်း မရှိကြောင်း၊ လုပ်ငန်း တာဝန် လိုအပ်ချက်အရ ယခုနှစ် မတ်လတွင် တစ်နှစ် တိုးမြှင့် တာဝန်ပေးအပ်ရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

“ပြည်ထဲရေးဝန်ကြီးဌာနက လူကြီးတွေ စဉ်းစားနေတဲ့ သဘောပါ။ ဒီအတိုင်း တာဝန်ထပ်ပေးမလား၊ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူခွင့် ပေးမလားဆိုတာ တရားဝင်စာ ထွက်မလာသေးဘူး။ စီစဉ်နေတယ်လို့ ကြားရတဲ့အဆင့်ပဲ ရှိဦးမယ်။ ဧပြီလကုန်ကျမှ သေချာ အဖြေထွက်မယ်”ဟု ၎င်းက ဆိုသည်။

ရဲချုပ်ဇော်ဝင်းမှာ တပ်မတော် (ကြည်း)မှ ဗိုလ်သင်တန်းဆင်း အရာရှိတစ်ဦးဖြစ်ပြီး တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်နွှယ်သည်ဟု နာမည်ကြီးသော မူးယစ်ဆေးဝါးအမှုကို ဖော်ထုတ် စစ်ဆေးနိုင်ခြင်းကြောင့် ရဲချုပ်ရာထူးသို့ တာဝန် တိုးမြှင့်ပေးအပ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းများအရ သိရှိရသည်။

ထိုသို့ ရဲချုပ်ဇော်ဝင်းကို သက်တမ်း တစ်နှစ်ဖြင့် ထပ်တိုးထားရှိမည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး တင်ဝင်းကို The Voice က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ရဲချုပ်က  ဧပြီ ၃ ရက်မှာ သက်ပြည့်ပင်စင်ယူမှာ လုံးဝ မဟုတ်ပါဘူး။ နောက်ကျပါတယ်နော့။ အသက် ခြောက်ဆယ်က ဧပြီလကုန်လောက်မှ ပြည့်မှာပါ။ ရဲချုပ်တာဝန် ထပ် ထမ်းဆောင်ရခြင်း၊ မရခြင်းကိုတော့ စာ ထွက်လာမှ သိရမယ်။ အခုလောလောဆယ် စီစဉ်နေလား၊ မနေဘူးလား ဘာမှ မသိရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

အလားတူ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အမြဲတမ်း အတွင်းဝန်ဖြစ်သူ ဦးမြင့်ကြိုင်မှာ ယခုနှစ် ဧပြီလတွင် အသက် ၆၀ ပြည့်ခြင်းကြောင့် အနားယူမည်ဖြစ်သော်လည်း ဝန်ကြီးဌာန သက်တမ်းတစ်နှစ် ဆက်လက် တိုးမြှင့်ထားရှိရန် စဉ်းစားနေသည်ဟု ကြားသိရကြောင်း ကာယကံရှင်ထံမှ စုံစမ်းသိရ သည်။

J-17




FOLLOW US