News

POST TAGGED AS

ပြည်တွင်း

စင်ကာပူကုမ္ပဏီ PUMA က ပြည်တွင်း၌ စက်သုံးဆီဆိုင်များ ဖွင့်ရန် စုံစမ်း

ရန်ကုန်၊ ဧပြီ ၂၂

စင်ကာပူနိုင်ငံ အခြေစိုက် စွမ်းအင်ကုမ္ပဏီ Puma Energy Singapore Pte.Ltd. က ပြည်တွင်း၌ စက်သုံးဆီ လက်လီဆိုင်များ ဖွင့်လှစ်ရန် စုံစမ်းမှုများ ပြုလုပ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ မူဝါဒအသစ်အရ စက်သုံးဆီ လက်လီ အရောင်းဆိုင်များကို နိုင်ငံခြားသားများ ဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရန် ဧပြီလကစ၍ ခွင့်ပြုလိုက်ပြီးနောက် PUMA ကုမ္ပဏီမှာ ပြည်တွင်း၌လုပ်ကိုင်ရန် ပထမဆုံး စုံစမ်းသည့် ကုမ္ပဏီဖြစ်ကြောင်း ယင်းဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစန်းမြင့်က ပြောကြားသည်။ 

“MIC ကို ခွင့်ပြုမိန့်တော့ မတင်သေးဘူး။ ဘာလို့လဲဆိုတော့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ခွင့်ပြုမိန့်ရပြီးမှ MIC ကို တင်ရမှာ။ PUMA က စွမ်းအင်ဝန်ကြီးဌာနကို ရေနံတွေလည်း ရောင်းပေးတယ်။ အခြား အကျိုးတူ ရေနံလုပ်ကွက်တွေ လုပ်နေတာလည်း ရှိတယ်။ ဒါကြောင့် သူက စက်သုံးဆီနဲ့ ပတ်သက်ပြီး လုပ်ဖို့စိတ်ဝင်စားတာ”ဟု ၎င်းက ပြောဆိုသည်။

ပြည်တွင်းသို့ တင်သွင်းနေသည့် စက်သုံးဆီ အများစုမှာ စင်ကာပူနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ယင်းကဲ့သို့ နိုင်ငံခြား ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခြင်းအားဖြင့် ဈေးကွက် ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာကာ စားသုံးသူများအတွက် ရွေးချယ်ခွင့် ပိုမိုရှိမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ပြည်တွင်း စက်သုံးဆီ ဈေးကွက်သည် နိုင်ငံတကာ ဈေးတက်ချိန်၌ လိုက်ပါ မြင့်တက်ပြီး ဈေးကျချိန်တွင် အတက်ဈေးပင်ဖြစ်ကာ လိုက်ပါ မကျဆင်းသည့်အတွက် ဈေးကွက် ယှဉ်ပြိုင်မှု လိုအပ်သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားထားသည်။

တပ်မတော် အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် အတွင်းက နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၂၆၀ ကျော်ကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် နိုင်ငံခြားသား လုပ်ငန်းရှင်များသို့ စတင် လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်သည်။

စက်သုံးဆီဈေးကွက်ကို လက်ဝါး ကြီးအုပ်ထားခြင်း မရှိသည့်အပြင် ဈေးနှုန်းများမှာလည်း ထိုက်သင့်သည့်ဈေးနှုန်းများအောက် လျှော့ချပြီး ရောင်းသည့်အတွက် နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့်ပေးမည့်အပေါ် ပြန်လည် စဉ်းစားပေးရန် အစိုးရသို့ စာတင်ထားကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချသူများ အသင်းထံမှ သိရသည်။ 

J-13



FOLLOW US