News

POST TAGGED AS

ပြင်သစ်

ပဲရစ်မြို့တွင် “အလ္လာဟူကဘား”ဟု အော်ဟစ်ကာ အကြမ်းဖက်သမားတစ်ဦး ဓားဖြင့်လိုက်ထိုး


ပဲရစ်၊ မေ ၁၃

ပြင်သစ်နိုင်ငံ၏ မြို့တော်ပဲရစ်တွင် အကြမ်းဖက်သမားဟု သံသယရှိသူတစ်ဦးက “အလ္လာဟူကဘား”ဟု အော်ဟစ်ပြီး ဘေးပတ်ဝန်းကျင်တွင် သွားလာနေသူများကို ဓားဖြင့်လိုက်ထိုးခဲ့ရာ လူတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပဲရစ်မြို့ အော်ပရာရပ်ကွက်တွင် အကြမ်းဖက်သမားက ယင်းသို့ အလ္လာဟူကဘားဟု ဟစ်ကြွေးပြီးနောက် လမ်းသွားလမ်းလာများကို ဓားဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်သမားကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ပြင်သစ်အာဏာပိုင်များက ပြောကြားသည်။ 

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် IS စစ်သွေးကြွအုပ်စုက ၎င်းတို့၏ ရဲဘော်တစ်ဦးသည် စနေနေ့ညနေပိုင်း ပဲရစ်မြို့တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။ 

ဓားထိုးမှုဖြစ်ပွားသည့်နေရာမှာ ညပိုင်းဖွင့်သည့် ဆိုင်များကြောင့် နာမည်ကျော်ကြားသည့် ရပ်ကွက်တွင်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားစဉ် လမ်းသွားလမ်းလာများသည် ကဖေးဆိုင်များနှင့်စားသောက် ဆိုင်များထဲသို့ ဝင်ပြေးခဲ့ကြသည်။ 

အကြမ်းဖက်သမားသည် စနေနေ့ ည ၉ နာရီခန့်က စတင်၍ လမ်းသွားလမ်းလာများကို ဓားဖြင့်လိုက်ထိုးခဲ့ကြောင်း၊ ၎င်းသည် ဘားဆိုင်များနှင့် စားသောက်ဆိုင်များထဲသို့ ဝင်ရောက်ရန်လည်း ကြိုးပမ်းခဲ့ကြောင်း၊ သို့သော် စားသောက်ဆိုင်တွင်း ပုန်းအောင်းနေသူများက ဝင်ရောက်၍မရအောင် ပိတ်ဆို့ဟန့်တားခဲ့ကြောင်း BBC သတင်းဌာနက ဆိုသည်။ 

ထို့နောက် ရဲတပ်ဖွဲ့က ၎င်းကိုသေနတ်ဖြင့် ပစ်ခတ်ကွပ်မျက်ပစ်လိုက်သည်။ အကြမ်းဖက်သမား မည်သူမည်ဝါဖြစ်သည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဓားထိုးမှုကြောင့် ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ အလွန်အမင်းစိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု အာဏာပိုင်များက ဆိုသည်။ 

ပြင်သစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး အာဏာပိုင်အဖွဲ့ရုံး၏ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။ 

ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က “ပြင်သစ်နိုင်ငံ သွေးပေစွန်းရပြန်ပါပြီ၊ ဒါပေမဲ့ လွတ်လပ်မှုရဲ့ ရန်သူတွေကို တစ်လက်မမျှပင် အညံ့ခံမည်မဟုတ်ပါ”ဟု Twitter စာမျက်နှာတွင် ဖော်ပြသည်။ 

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂါရက်ကိုလွန်က အကြမ်းဖက်သမားကို ထိထိရောက်ရောက် နှိမ်နင်းခဲ့သည့်အတွက် ပြင်သစ်ရဲတပ်ဖွဲ့ကို ထုတ်ဖော်ချီးမွမ်းလိုက်သည်။ ထို့နောက် ယခုလိုရူးနှမ်းသည့် လုပ်ဆောင်ချက်ကြောင့် ဒုက္ခရောက်ခဲ့ရသူများအတွက် အထူးပင်ပူဆွေးဝမ်းနည်းမိကြောင်း ၎င်းက ဆိုသည်။ 

F-01



FOLLOW US