News

POST TAGGED AS

ရွှေသန့်စင်ထုတ်လုပ်ခွင့်

Ananda 4G အင်တာနက် ရန်ကုန်တွင် ၂၅ မြို့နယ်၌ စသုံးနိုင်
ရန်ကုန်၊ မေ ၂၇

ဆက်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်သည့် Amara Communications ၏ Ananda 4G Broadband ဝန်ဆောင်မှုသည် ရန်ကုန်မြို့တွင် ၂၅ မြို့နယ်သာ ကွန်ရက်လွှမ်းခြုံထားနိုင်သေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ တာဝါတိုင်ပေါင်း ၅၀၀ တည်ဆောက်ထားပြီး ကွန်ရက်လွှမ်းခြုံနိုင်မှု ဧရိယာများသည်လည်း သီတင်းပတ် အပတ်စဉ်လိုက် တိုးတက်လာမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဒေါ်ချမ်းငြိမ်းသူက ပြောကြားသည်။

“ကွန်ရက်လွှမ်းခြုံနိုင်မှုကို အဆင့်လိုက် အဆင့်လိုက် လုပ်နေတာဆိုတော့ နေ့စဉ်၊ အပတ်စဉ် ကွန်ရက်လွှမ်းခြုံနိုင်မှုက တက်လာမှာပါ”ဟု ၎င်းက ရှင်းပြသည်။

IGE Group က ပိုင်ဆိုင်သည့် Amara Communications ကုမ္ပဏီသည် Ananda 4G Ananda 4G Broadband ဝန်ဆောင်မှုကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့တွင် စတင်မိတ်ဆက်ခဲ့ပြီး အင်တာနက်ဒေတာ သီးသန့်ဆင်းမ်ကတ်များကို Mifi စက်နှင့် Router စက်များဖြင့် တွဲဖက်ရောင်းချလျက်ရှိသည်။

Ananda 4G အင်တာနက် ဝန်ဆောင်မှုသည် Device ၁၀ ခုနှင့် တွဲဖက်အသုံးပြုနိုင်သော Mifi စက်နှင့် ဆင်းမ်ကတ်ကို ကျပ် ၃၅၀၀၀ ဖြင့် ရောင်းချပြီး Device ၃၀ ခုနှင့် ချိတ်ဆက်နိုင်သည့် Router နှင့် ဆင်းမ်ကတ်ကို ကျပ် ၆၅၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လတ်တလောတွင် အသုံးပြုသူများကို တစ်လအခမဲ့ အသုံးပြုခွင့်ပေးထားပြီး လစဉ်အသုံးပြု Data Plan ဈေးနှုန်းများကို သီတင်းပတ်နှစ်ပတ်အတွင်း ကြေညာမည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။

“အင်တာနက်အမြန်နှုန်းက ဖုန်းအင်တာနက်ထက် နည်းနည်းလေးပဲ ပိုမြန်တယ်။ လိုင်းက အပြင်ဘက်မှာပဲ မိတယ်။ အိမ်တွေထဲမှာဆိုရင် မမိတော့ဘူး”ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ဦးကောင်းထက်ကျော်က ပြောကြားသည်။

လက်ရှိအချိန်တွင် Ananda အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် အရောင်းဆိုင် ၃၅၀၀ နှင့် ချိတ်ဆက်ကာ ရောင်းချသွားမည်ဖြစ်ပြီး လာမည့်သုံးလအတွင်း မန္တလေးမြို့တွင်လည်း ဝန်ဆောင်မှု စတင်ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှသိရသည်။

J-01



FOLLOW US