News

POST TAGGED AS

ရွှေလုပ်ကွက်

ဟုမ္မလင်းတွင် လက်လုပ်လက်စား ရွှေလုပ်ကွက်များပေးရန် စီစဉ်
ကလေး၊ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများတွင် လက်လုပ်လက်စားရွှေလုပ်ကွက်များ တရားဝင်ချထားပေးရန် တိုင်းဒေသကြီး ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့ ဖွဲ့စည်းပြီး စီမံချက်ရေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့မှ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။ 

ဟုမ္မလင်းမြို့နယ်အတွင်း အသေးစား လက်လုပ်လက်စား ရွှေလုပ်ကွက်များ တရားဝင်ချထားပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က လုပ်ပိုင်ခွင့်ပေးမည့် လုပ်ကွက်အကျယ်အဝန်းကို ပြထားပြီးဖြစ်သော်လည်း လုပ်ကွက်အသေးစိတ်ကို တိုင်းတာပေးခြင်း မရှိသေးသည့်အတွက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း၊ လုပ်ကွက်စိစစ်ရေးနှင့်ချထားရေး ကော်မတီကိုမူ ဖွဲ့စည်းထားကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ ချထားပေးမည်ဆိုပါက လုပ်ကွက်ရာချီရှိနိုင်ပြီး အသေးစိတ်ကို စီမံချက်ရေးဆွဲပြီးမှသာ သိရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ခိုးတူးတာ မရှိရလေအောင် တရားဝင်လက်လုပ်လက်စားတွေ ချပေးဖို့အတွက် စီစဉ်ထားတာ”ဟု ဝန်ကြီးဦးကမ်ဇာမုံက ဆိုသည်။ 

ဟုမ္မလင်းမြို့နယ်အတွင်း ရွှေလုပ်ကွက် အများစုသည် နောင်ပိုအောင်ရွာ၊ ပင်ခုတ်ကျေးရွာ၊ ထိန်ကုန်းကျေးရွာနှင့် လောင်းဖောင်းရွာ ဒေသများတွင်ရှိပြီး တရားဝင်လုပ်ကိုင်ခွင့်ပြုထားသည့် အလတ်စားလုပ်ကွက်အနေနှင့် ဧက ၂၀ အကျယ်အဝန်းတွင် လုပ်ကွက်ပေါင်း ၄၀ ကျော် ရှိကြောင်း၊ ယခုချထားပေးရန် စီစဉ်နေသည့် အသေးစားလက်လုပ်လက်စား လုပ်ကွက်တစ်ကွက်လျှင် လေးဧကအကျယ်အဖြစ် သတ်မှတ်ပေးရန် စီစဉ်နေကြောင်း အဆိုပါအဖွဲ့ထံမှသိရသည်။ 

“လက်လုပ်လက်စားတွေအတွက် တရားဝင် လုပ်ပိုင်ခွင့်ချပေးမယ်ဆိုရင်တော့ အစိုးရလည်း အခွန်ရမယ်။ လုပ်ရတဲ့သူလည်း စိတ်ချမ်းချမ်းသာသာနဲ့လုပ်ရမှာပေါ့။ အခုကျတော့ အဲဒီလိုလည်း မရှိဘူးဆိုတော့ လုပ်တဲ့သူကလည်းခိုးလုပ် အစိုးရလည်း အခွန်မရ၊ တရားဝင်လုပ် ကိုင်ခွင့်ပြုလိုက်ရင်တော့ အားလုံးအတွက် အဆင်ပြေမှာပါ”ဟု ပင်ခုတ်မှော်တွင် ရွှေတူးဖော်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။ 

R-20




FOLLOW US