News

POST TAGGED AS

ရွှေနတ်တောင်

ရွှေတောင်မြို့ ရွှေနတ်တောင်ဘုရားပွဲ ပေါင်းမိုးလှည်းများဖြင့် အလာနည်း


ပြည်၊ ဖေဖော်ဝါရီ ၂၈

နှစ်စဉ်တပေါင်းလအတွင်း ကျင်းပမြဲဖြစ်သည့် ရွှေတောင်မြို့အနီး ရွှေနတ်တောင်ဘုရားပွဲသို့ ရွှေတောင်မြို့အနီးဝန်းကျင် မြို့များ၊ ကျေးရွာများမှ ပေါင်းမိုးလှည်း ငါးထောင်ကျော် လာရောက်လေ့ရှိသော်လည်း လက်ရှိတွင် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများ တိုးပွားလာမှုနှင့်အတူ လှည်းအစီးရေနှစ်ထောင်ကျော် သုံးထောင်ခန့်သာ လာရောက်ကြကြောင်း အဆိုပါ ဘုရားဂေါပကများထံမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် ရွှေတောင်မြို့ ရွှေနတ်တောင်ဘုရားပွဲ ရိုးရာဓလေ့များ မပျောက်ပျက်စေရန် ထိန်းသိမ်းသွားရန်လိုအပ်ကြောင်း ရွှေတောင်မြို့ ရွှေနတ်တောင် ဘုရားဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောကြားသည်။

“ဘုရားဖူးလာတဲ့သူတွေက ဘုရားပွဲရောက်ရင် အိမ်တံခါးပိတ်ပြီး တစ်အိမ်လုံးလာရမှ သူတို့ဒီနှစ်အတွက် သီးနှံစပါးအထွက်ကောင်းတယ်လို့ ယုံကြည်ကြတယ်။ အခုနောက်ပိုင်းကားတွေ၊ ဆိုင်ကယ်၊ ထော်လာဂျီတွေပေါလာတော့ အရင်ကလောက် ရိုးရာမပျက် လှည်းဝိုင်းတွေနဲ့လာတာ နည်းသွားတယ်။ ရိုးရာဓလေ့ကို မပျက်အောင် ထိန်းသိမ်းဖို့လိုအပ်တယ်”ဟု ရွှေနတ်တောင် ဘုရားဂေါပကအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအေးညွန့်က ပြောဆိုသည်။

တောင်သူများသည် လယ်ယာချစ်မြတ်နိုးပြီး နွားတန်ဖိုးထားကြသူများ ဖြစ်သည့်အလျောက် နှစ်ပေါင်း၃၀ ကျော်ခန့် မကျင်းပနိုင်ခဲ့သော နွားအလှပြိုင်ပွဲ၊ နွားဒုန်းမောင်း၊ အသားကျမောင်း ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပြီး ယခင်ကဲ့သို့ လှည်းဝိုင်းများဖြင့် ရိုးရာမပျက်စည်ကားအောင် ပြုလုပ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရွာကတချို့တွေကလည်း ထော်လာဂျီနဲ့ ကားတွေနဲ့လာကြတယ်။ ကျွန်မတို့ကတော့ လှည်းတွေနဲ့စုလာရတာ။ လှည်းဝိုင်းတွေဖွဲ့တည်းပြီး ဘုရားဖူးရတာပဲ သဘောကျတယ်။ အရင်ကတည်းကလည်း ဒီလိုပဲလာခဲ့ကြတာ နောက်လည်း ဒီလိုပဲလာကြမှာပဲ”ဟု ကန်သုံးဆင့်ကျေးရွာဘက်မှ ဘုရားဖူးလာသည့် အသက်၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ရွှေနတ်တောင်ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်မှ တပေါင်းလပြည့် ၁၅ ရက်နေ့အထိ ကျင်းပပြီး နွားပြိုင်ပွဲများ၊ ဗလာဇာတ်ပွဲများ၊ ဆိုင်းများပါဝင်ပြီး လပြည့်နေ့နံနက်တွင် သံဃာအပါး ၃၃၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူလေ့ရှိကြောင်း၊  မြန်မာနိုင်ငံတွင် ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာသည့် ဘုရားပွဲတော်များတွင် ရွှေစက်တော်ဘုရားပြီးပါက လှည်းဝိုင်းများဖြင့် အများဆုံးလာသည့် ဘုရားပွဲတော်လည်းဖြစ်သည်။

M-06




FOLLOW US