News

POST TAGGED AS

ကြေးနီစီမံကိန်း

လက်ပံတောင်း ဝက်မှေးရွာသူနှစ်ဦး အာမခံဖြင့်ပြန်လွတ်၊ ပုဒ်မပြောင်း အမှုဖွင့်ခံရ


မုံရွာ၊ ဧပြီ ၂

လက်ပံတောင်းတောင် ကြေးနစီမံကိန်းအနီးရှိ ဝက်မှေးရွာဟောင်း နေအိမ်များ ပြောင်းရွှေ့မှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများပဋိပက္ခဖြစ်ပွားရာမှ ဖမ်းဆီးခံခဲ့ရသည့် ဝက်မှေးရွာသူ အမျိုးသမီးနှစ်ဦးကို ပုဒ်မပြောင်းအမှုဖွင့်ခဲ့ပြီး အာမခံဖြင့် ပြန်လွတ်လာကြောင်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“မူလစွဲဆိုထားတဲ့ ပုဒ်မ ၃၃၃ က အာမခံမရနိုင်တော့ ပုဒ်မ ၃၃၂ ကိုပြောင်းပြီး အာမခံပေးလွှတ်ပေးလိုက်တာပါ”ဟု ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ပြောဆိုသည်။

ကြေးနီစီမံကိန်းနှင့် အနီးဆုံးရွာတစ်ရွာဖြစ်သည့် ဝက်မှေးရွာဟောင်းရှိ နေအိမ် ၇ လုံး မတ်လ ၂၉ နေ့က ပြောင်းရွှေ့မှုတွင် ရွာဟောင်းနေ မသွဲ့သွဲ့ဝင်းနှင့် မစန်းလှအပါအဝင် ရွာသားများက လုံခြုံရေးရဲများနှင့် မော်တော်ယာဉ်များကို ရွာအတွင်းသို့အဝင်မခံ၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရွာသားများပဋိက္ခဖြစ်ပွားပြီး အဆိုပါ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“မစန်းလှ ကျန်းမာရေးကြောင့် ဆေးရုံမှာ တစ်ရက်နေပြီး ဧပြီ ၁ ရက်နေ့မှ အိမ်ပြန်ရောက်ပါတယ်။ ပုဒ်မ ၃၃၂ နဲ့ ပြောင်းစွဲတယ်လို့ နောက်မှသိရတယ်”ဟု ဖမ်းဆီးခံခဲ့ရသည့် မသွဲ့သွဲ့ဝင်းက ပြောဆိုသည်။

အဆိုပါပဋိပက္ခဖြစ်စဉ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သားတစ်ဦး ခြေထောက်နှင့်အကန်ခံရပြီး ယာခြေချင်းဝတ်ဖူးရောင် ညိုမည်းဒဏ်ရာရခဲ့၍ ဆားလင်းကြီးရဲစခန်းတွင် ရာဇသတ် ကြီးပုဒ်မ ၃၃၃/၃၄၁ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှရဲမှူးကြီး လေးစိုးက မတ်လ ၃၁ ရက်နေ့ကပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ 

ထို့ပြင် လက်ပံတောင်း ကြေးနီစီမံကိန်းအတွင်း ကျရောက်နေသည့် ကျေးရွာများမှ ရွှေ့ပြောင်းလိုသူများကို အကူအညီနှင့် အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရက အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သည်။  

R-08



FOLLOW US