News

POST TAGGED AS

မြေပြို

ဖားကန့်တွင် ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ငါးဦးအလောင်းပြန်တွေ့


မြစ်ကြီးနား၊ ဇွန် ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး နေရာအများစု၌ မြေပြိုခြင်းဖြစ်ပွားခဲ့ရာ သေဆုံးသူရှစ်ဦးရှိသည့်အနက် ရုပ်အလောင်းငါးလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ငါးဦးမှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင်ရာမှော်၌ ဇွန်လ ၂၅ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းနှစ်လောင်းနှင့် ဇွန်လ ၂၆ ရက်နေ့က တွေ့ရှိခဲ့သည့် အလောင်းတစ်လောင်းအပြင် ဇွန်လ ၂၇ ရက်နေ့၌ သေဆုံးသူရုပ်အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ ဦးယိန်းခေါက ပြောကြားသည်။

ဇွန်လ ၂၂ ရက်နေ့ နံနက်က ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေရာအများစု၌ မြေပြိုခြင်းဖြစ်ပွားခဲ့ရာ သေဆုံးသူရှစ်ဦးရှိပြီး သုံးဦးဒဏ်​ရာရခဲ့ကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကောင်းစံက အတည်ပြုပြောကြားထားသည်။

ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းကြောင့် မြေပြိုကျရာ နေအိမ် ၇ လုံးခန့် ပျက်စီးခဲ့ပြီး ဖားကန့်-မှော်စီစာရှိ တံတားတစ်စင်းကျိုးကျခဲ့သည့်အပြင် သစ်ပင်များနှင့် လျှပ်စစ်ဓာတ်တိုင်များလည်း ပြိုလဲခဲ့သည်။ 

R-06



FOLLOW US