News

POST TAGGED AS

မြေပြို

17-Jun-2018

နာဂ မြေပြို
နန်းယွန်း- လဟယ်လမ်း မြေပြို၍ အသွားအလာ ရပ်ဆိုင်း
ကလေး၊ ဇွန် ၁၆ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းနှင့် လဟယ်မြို့နယ်သို့ ဆက်သွယ်သွားလာသည့်လမ်းတွင် မြေပြိုခဲ့ခြင်းကြောင့် သွားလာမှုရပ်ဆိုင်းနေပြီး လမ်းပြန်ပြင်ရန် စက်သုံးဆီမရှိသည့်အတွက် မိုးရာသီကာလ ဆက်သွယ်သွားလာမှု ရပ်ဆိုင်းမည့် အခြေအနေနှင့် ကြုံတွေ့နေကြောင်း နန်းယွန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။ 

ယခုလအတွင်း ရွာသွန်းခဲ့သည့် မိုးကြောင့် နန်းယွန်းမြို့နယ်နှင့် လဟယ်မြို့နယ်အကြား ၁၀၁ မိုင်အကြား ကားလမ်းသည် နန်းယွန်းမြို့နယ်အတွင်း နေရာ ၇ နေရာ၌ မြေပြိုလမ်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မြေပြိုမှုဖြစ်ပွားသည့် နေရာတစ်နေရာသည် ပေ ၄၀၀ ခန့်အထိ တောင်ပေါ်မှ မြေသားများ လမ်းပေါ်ပြိုကျပြီး ပိတ်ခြင်းကြောင့် လမ်းသားများရေစီးနှင့်အတူ ပေ ၅၀၀ ခန့် မျောပါပျက်စီးခဲ့ပြီး ကား၊ ဆိုင်ကယ်သွားလာမှု ရပ်ဆိုင်းခဲ့ကာ လမ်းများကို ပြန်လည်ပြုပြင်ရန် စက်ယန္တရားများရှိသော်လည်း စက်ယန္တရားများ ရွေ့လျားရန် စက်သုံးဆီမရှိသောကြောင့် မိုးရာသီကာလပတ်လုံး ဆက်သွယ်သွားလာမှု ရပ်ဆိုင်းမည့်အရေးနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဦးစိမ်းမောင်က ရှင်းပြပြောဆိုသည်။ 

“နှစ်စဉ်နှစ်တိုင်း ရာသီဥတုနဲ့ပတ်သက်လို့ အာမခံချက်မရှိဘူး။ အာမခံချက်မရှိတဲ့အခါကျတော့ ရုတ်တရက် လမ်းတံတားပျက်စီးတာရှိနိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့လမ်းပိုင်းများ ပိတ်ဆိုခဲ့ခြင်းကြောင့် သွားလာရေး လွန်စွာခက်ခဲနေပြီး ဒေသခံများအနေနှင့် ကျန်းမာရေးအရေးပေါ် ကိစ္စရပ်များသွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ 

“အရေးအကြောင်းသွားဖို့၊ လာဖို့လမ်းမရှိတော့ဘူး။ သာရေး၊ နာရေး၊ အစိုးရရေး ကိစ္စတွေမှာ အလွယ်တကူ သွားလို့မရတော့ဘူး။ မိုးရာသီမှာလမ်း အထူးအဖွဲ့တွေက အချိန်မီ စက်ယန္တရားကြီးတွေနဲ့ ရှင်းပေးရင် ဆက်သွယ်သွားလာမှု အခုလောက် ခက်ခဲမှာမဟုတ်တော့ဘူး”ဟု နန်းယွန်းမြို့နေ ဦးနောက်ထွန်းက ပြောဆိုသည်။

R-20



FOLLOW US