POST TAGGED AS

မြွေ

28-Sep-2016

မြွေ
ခေါင်းနှစ်လုံးနဲ့ မြွေကို မှောင်ခိုဂိုဏ်းလက်မှ အိန္ဒိယရဲတပ်ဖွဲ့ ကယ်တင်

အိန္ဒိယရဲတပ်ဖွဲ့ဟာ အမြီးက ခေါင်းပုံစံဖြစ်နေပြီး ခေါင်းနှစ်လုံးနဲ့ မြွေလို့ ထင်ရတဲ့ ရှားပါးမြွေ တစ်ကောင်ကို တရားမဝင် မှောင်ခိုဂိုဏ်း တစ်ဂိုဏ်း လက်ထဲကနေ ကယ်တင်နိုင်လိုက်ပါတယ်။

ရှားပါး စပါးကြီးမြွေ မျိုးစိတ်ဝင်ဖြစ်တဲ့ ယင်းမြွေဟာ ဥပဒေအရ ကာကွယ်ထားတဲ့ မြွေမျိုးစိတ် တစ်ခုဖြစ်ပြီး အမှန်တကယ် ခေါင်းနှစ်လုံး ပါဝင်ခြင်း မဟုတ်ဘဲ သူ့ရဲ့ အမြီးက ခေါင်းပုံသဏ္ဍာန် ဖြစ်နေခြင်းသာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုမြွေမျိုးတွေကို ကံကောင်းစေတဲ့ အဆောင် တစ်မျိုးလို့ ယုံကြည်တဲ့သူတွေ အိန္ဒိယမှာ အများအပြား ရှိနေပြီး မှောင်ခိုဈေးကွက်မှာ ဈေးကောင်းရတဲ့ ပစ္စည်း တစ်မျိုး ဖြစ်လျက် ရှိပါတယ်။

အသွင်ယူ ရဲအရာရှိတွေက ဝယ်သူဟန်ဆောင်ကာ တားမြစ်မှောင်ခို ပစ္စည်းကို ရောင်းချဖို့ ကြိုးစားသူတွေကို ဖော်ထုတ် ဖမ်းဆီးခဲ့တာလို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာ ဥပဒေအရ တားမြစ် ကာကွယ်ထားတဲ့ ယင်းမြွေကို ဖမ်းဆီး ရောင်းချဖို့ ကြိုးစားသူ ၄ ဦးကို ဖမ်းဆီးထားကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အိန္ဒိယက အချို့လူတွေဟာ ခေါင်းနှစ်လုံးနဲ့ မြွေဟာ ကံကောင်းခြင်းတွေကို ဆောင်ယူ ပေးနိုင်တယ်လို့ ယုံကြည်ကြပြီး မြွေရဲ့ အလေးချိန်ကများလေ ပိုပြီး ကံကောင်းစေနိုင်လို့ ယုံကြည်ကြတာကြောင့် မှောင်ခိုသမားတွေဟာ ယင်းမြွေတွေကို အလေးချိန် တိုးအောင် ခန္ဓာကိုယ်ထဲကို လေးလံစေတဲ့ ပစ္စည်းမျိုးစုံ ထည့်ပြီး ရောင်းချလေ့လည်း ရှိပါတယ်။

ဒါကြောင့် ခေါင်းနှစ်လုံးနဲ့လို့ ထင်ရတဲ့ ယင်းမြွေမျိုးတွေဟာ မှောင်ခိုသမားတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရရင် နာကျင်မှု မျိုးစုံ ခံစားရပြီး သေရလေ့ ရှိပါတယ်။

အိန္ဒိယ ရဲတပ်ဖွဲ့ဟာ မှောင်ခိုသမားတွေရဲ့ လက်က ကယ်တင်လိုက်နိုင်တဲ့ မြွေကို ဘေးမဲ့တော တစ်ခုထဲကို လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။

Ref : BBC



FOLLOW US