News

POST TAGGED AS

မြောင်းမြ

ငပုတောမြို့တွင် ဇက်ဆိပ် အသစ်ဖွင့်


ပုသိမ်၊ ဧပြီ ၂၆

ရန်ကုန် - ပုသိမ်လမ်းမကြီးမှတစ်ဆင့် ပုသိမ်-ငပုတော၊ မြောင်းမြ-လပွတ္တာ မြို့နယ်များသို့ သွားလာနိုင်ရေးအတွက် ငပုတော မြို့နယ်တွင် “တူးမြောင်း - ညောင်ချောင်းလေး” ဇက်ဆိပ်သစ်ကို ဧပြီလ ၂၅ ရက်က ဖွင့်လှစ်ပြီး ဇက်ဖြင့် အခမဲ့ပို့ဆောင်ပေးနေကြောင်း ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

အဆိုပါဇက်ဆိပ်ကို ငပုတောမြို့နယ် တူးမြောင်းရွာဘက်ကမ်းနှင့် မြောင်းမြမြို့နယ် ညောင်ချောင်းလေးရွာဘက်ကမ်းတို့တွင် လုပ်ဆောင်ထားသည်။ 

မြောင်းမြကြိုးတံတားပြတ်ကျမှုကို ဧပြီလ ၁၀ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီးနောက် ၎င်း၏လမ်းညွှန်မှုဖြင့် မြောင်းမြမြို့နယ် ကွယ်လွယ်ကျေးရွာဘက်ကမ်းနှင့် မြောင်းမြမြို့မဘက်ကမ်းသို့ ပမ္မဝတီမြစ်ကို ဇက်ဖြင့်ကူးဖြတ်နေသည့် မော်တော်ယာဉ်များ အချိန်မကြာစေရေးအတွက် ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ 

“ပုသိမ်ကနေ လပွတ္တာကိုသွားရင် အတိုဆုံးခရီးလမ်းပါ၊ ဇက်ကူးတာကလည်း အခမဲ့ ကူးပေးတာပါ၊ ဇက်ကူးတဲ့အချိန်နဲ့ လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ငပုတောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ကော်မတီဖွဲ့ပြီး ဆောင်ရွက်သွားမှာပါ၊ ခုကားလေးတွေ ဖြတ်ကူးနိုင်ပါပြီ ကားကြီးတွေက ဧပြီ ၂၈ ဆို ဖြတ်နိုင်ပါပြီ”ဟု ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။ 

ရန်ကုန်၊ ပုသိမ်လမ်းမကြီးမှတစ်ဆင့် ပုသိမ်ငပုတောလမ်းအတိုင်း လာရောက်ပြီး “တူးမြောင်း - ညောင်ချောင်းလေး” ဇက်ဆိပ်မှ ပမ္မဝတီမြစ်ကို ဇက်ဖြင့် ဖြတ်ကူးကာ ပုသိမ်ခရိုင် ငပုတောမြို့နယ် တစ်ဖက်ကမ်းရှိ မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ ဒေသများသို့ သွားရောက်နိုင်ပြီး လမ်းများမှာ ဂဝံအောက်ခံ မြေအမျိုးအစားပေါ်တွင်ရှိ၍ ရာသီမရွေးသွားလာနိုင်ကြောင်း ဧရာဝတီတိုင်း လမ်းတံတား ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက ပြောသည်။ 

R-12



FOLLOW US