News

POST TAGGED AS

မြောက်ဦး

20-Jan-2018

ရခိုင်
ရခိုင်စင်ကာပူနှင့်မျက်ရည်လိုက်ပွဲများ
ဇန်နဝါရီလ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ အင်ဇုံပြင်ကျေးရွာနှင့် ငှက်ကြီးကျေးရွာကြားရှိ မြစ်ပြင်ထဲတွင် ကျောင်းအကြိုအပို့ ကူးတို့လှေတစ်စီး နစ်မြုပ်ခဲ့သည်။ မြစ်ပြင်ကိုဖြတ်ကာ ကူးတို့လှေဖြင့် ကျောင်းတက်နေကြရသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်အချို့ သေဆုံးခဲ့ကြရသည်။ ဖူးတံတဝင့်ဝင့်ချီနေကြသော နိုင်ငံတော်၏ အနာဂတ် ပန်းပွင့်ငယ်ကလေးများ၊ခက်ခဲကြမ်းတမ်းမှုများကြားထဲတွင် ပညာနို့ရည်ချိုကို သောက်သုံးခဲ့ကြရသော်လည်း ပညာ၏အသီးအပွင့်ကို မခံစားခဲ့ကြရသော ကလေးငယ်များ၏အဖြစ်ဆိုးက နှမြောစရာနှင့်ရင်နာစရာသာ ဖြစ်သည်။ 

သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသူ ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်ကို စင်ကာပူကဲ့သို့ဖြစ်အောင် ပြုလုပ်ထူထောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိလာချိန်၌ ဦးမောင်မောင်အုန်းသည် ဝန်ကြီးချုပ်နေရာကို ဖယ်ပေးခဲ့ရသည်။ ရခိုင်ပြည်နယ်ကို စင်ကာပူကဲ့သို့ဖြစ်အောင် ဖန်တီးမည့် ဦးမောင်မောင်အုန်း၏စကားသည် အမှန်တကယ် ဖြစ်၊ မဖြစ်ကို စောင့်ကြည့်ခွင့်နှင့် ဝေးသွားခဲ့ရသည်။ လက်ရှိအချိန်အထိတော့ ရခိုင်ပြည်နယ်သည် စင်ကာပူကဲ့သို့ ဖြစ်မလာသေးသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းများကြားထဲတွင် ဆို့နင့်ရင်နာစရာ အဖြစ်အပျက်များကို မကြာခဏကြုံတွေ့ရပြီး မျက်ရည်လိုက်ပွဲများ အခါခါ ထပ်ဆောင်းပေးနေကြရဆဲသာ ဖြစ်၏။ 

(တစ်)

မြန်မာနိုင်ငံသည် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံထဲတွင် မဟာဗျူဟာကျသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခြင်းခံနေရသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ကူးလူးဆက်ဆံရေး လမ်းကြောင်းထဲတွင်ရှိနေသော မြန်မာနိုင်ငံအဖို့ Strategic Location ကို အပြည့်အဝရရှိထားကြောင်း လေ့လာသူများက သုံးသပ်ကြ၏။ တောင်အာရှကို လွှမ်းမိုးထားသော အိန္ဒိယနှင့် အရှေ့တောင်အာရှကို လွှမ်းမိုးထားသော တရုတ်နိုင်ငံတို့ကြားမှ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ၏ အမြင့်မားဆုံး ဇာတ်ရှိန်တစ်ခုကို ကပြတင်ဆက်ခွင့် ရရှိနေသည်ဟု ဆိုနိုင်၏။ မဟာအင်အားကြီး နိုင်ငံနှစ်ခုကြားထဲမှ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်လည်း ဖြစ်သည်။ 

ပထဝီနိုင်ငံရေးကို လေ့လာသူပညာရှင်များ၏ အဆိုအရ မဟာအင်အားကြီး နှစ်နိုင်ငံကြားထဲ ကျရောက်နေသော မြန်မာနိုင်ငံသည် မီးစတစ်ဖက်၊ ရေကြည်အေးတစ်ဖက် အခြေအနေထဲတွင် ကျရောက်နေကြောင်းလည်း ထောက်ပြမှုများရှိ၏။ ကမ္ဘာ့နိုင်ငံ နိုင်ငံရေးကျားကွက်ပေါ်တွင် ညင်သာသိမ်မွေ့စွာ အတက်အဆင်းပြုလုပ်တတ်ရန် လိုအပ်နေသည်။ ကမ်းရိုးတန်း အရှည်မိုင်ပေါင်း ၁၁၉၇ မိုင် (၁၉၃၀ ကီလိုမီတာ) ကို ပိုင်ဆိုင်ထားပြီး သစ်တောနှင့် သဘာဝသယံဇာတ ပေါကြွယ်ဝခြင်းများသည် နိုင်ငံရေးနှင့် စီးပွားရေးပါဝါချဲ့ထွင်လိုသော မဟာအင်အားကြီး နိုင်ငံများအတွက် မျက်စိကျစရာ ဖြစ်သည်။ 

(နှစ်)

ပထဝီနိုင်ငံရေး သဘောတရားအရ ပင်လယ်ကမ်းရိုးတန်းကို ရှည်လျားစွာ ပိုင်ဆိုင်ထားသော နေရာဒေသများသည် ပင်လယ်ကမ်းရိုးတန်းမရှိသော နေရာဒေသထက် ပိုကောင်းကြောင်းဆို၏။ ပထဝီနိုင်ငံရေးသမားများက တောတောင်ပေါများခြင်း၊ သမမျှတသော ရာသီဥတုရှိခြင်းနှင့် သယံဇာတခိုအောင်းမှု အနေအထားကိုကြည့်၍ နေရာဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်နိုင်ခြေကို ခန့်မှန်းတွက်ချက်ကြသည်။

ရခိုင်ပြည်နယ်သည် တစ်ပြည်နယ်လုံး ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သည်။ သစ်တောသယံဇာတ အပါအဝင် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတခိုအောင်းမှု အားကောင်းသည်။ လက်ရှိမြန်မာနိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများသည် ရခိုင်ပြည်နယ်ထဲတွင်တည်ရှိနေပြီး အကြီးမားဆုံးသော နိုင်ငံတော်ဘဏ္ဍာငွေသည်လည်း ရခိုင်ပြည်နယ်ထဲမှပင် စီးဆင်းနေသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် မျက်စိကျခြင်း (သို့မဟုတ်) တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံကြားထဲတွင် မြန်မာနိုင်ငံ မျက်နှာပန်းလှနေခြင်းသည် ရခိုင်ပြည်နယ်အတွင်းမှ သယံဇာတများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံလိုခြင်းများအပေါ်တွင် အများဆုံးမူတည်သည်ဟု ဆိုနိုင်၏။

(သုံး)

၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့ဖူးသော ကမ္ဘာ့ဘဏ်၏ဆင်းရဲမွဲတေမှုပြ အချက်အလက်များအရ ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမှုသည် ၇၈ ရာခိုင်နှုန်း အထိရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်ဖြစ်နိုင်ကြောင်း ခန့်မှန်းထောက်ပြခြင်းလည်း ကြုံခဲ့ရသည်။ အခြေခံလိုအပ်ချက် များနိမ့်ကျလွန်းသော ရခိုင်ပြည်နယ်ထဲတွင် မိရိုးဖလာလယ်သမား ၉၀ ရာခိုင်နှုန်းခန့်မျှရှိနေသည်။ လယ်ယာမြေများ၊ သဘာဝအလျောက် ပေါများစွာရှိနေကြသော မြစ်ချောင်းအင်းအိုင်များနှင့် တောတောင်များကိုသာ မှီခိုရပ်တည်ကြရသော ရခိုင်ပြည်သူပြည်သားများ၏ ဆင်းရဲနိမ့်ကျခြင်းသည် လက်ရှိ အချိန်ထိလည်း မြန်မာနိုင်ငံတွင် အနိမ့်ကျဆုံးအဆင့်၌သာ ရှိသေးကြောင်း ဆိုနိုင်၏။ 

မြန်မာနိုင်ငံ၏ အမြင့်မားဆုံးနိုင်ငံ့ဘဏ္ဍာငွေကို ပံ့ပိုးပေးထားသည့်အပြင် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် ပထဝီမြေခံရေခံ အားကောင်းလွန်းသော ရခိုင်ပြည်နယ်ထဲတွင် ရခိုင်ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ဆတက်ထမ်းပိုးဆောင်ရွက်ရန် လိုအပ်နေပါသေးသည်။ 

(လေး)

ရခိုင့်လမ်းပန်းဆက်သွယ်ရေးသည် တစ်နေရာမှတစ်နေရာ၊ တစ်မြို့နယ်မှတစ်မြို့နယ်သို့ သွားလာနိုင်ရန် ရေတစ်တန်၊ ကုန်းတစ်တန်ဖြင့် ခရီးနှင်ကြရသော အခြေအနေဖြစ်သည်။ မြို့နယ်တစ်ခုတည်းတွင်ပင် တစ်ရွာမှတစ်ရွာသို့ သွားလာရေးအတွက် ရေကြောင်းကိုအသုံးပြုရသော နေရာဒေသ အများအပြားရှိနေသည်။ သို့သော် ရခိုင်ပြည်အတွင်းမှ ကုန်းလမ်းခရီးသည် လည်းကောင်း၊ ရေလမ်းခရီးသည်လည်းကောင်း အဆင်ပြေချောမွေ့ခြင်း မရှိလှသော ခရီးကြမ်းများချည်းသာ ဖြစ်သည်။ 

ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးနိမ့်ကျခြင်းသည် ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အချိန်တိုင်းစိန်ခေါ်နေသော အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျလွန်းသော ကျေးလက်နေပြည်သူများသည် ရပ်ဝေးနယ်ဝေးသို့ ခရီးသွားရခြင်းမျိုးမဟုတ်သည့်တိုင် နေ့စဉ်လုပ်ငန်းခွင်ဝင်ရင်း၊ ကျောင်းသွားရင်းနှင့် လမ်းခရီးထက်၌ အသက်ကိုစတေးနေကြရသည်။ 

ကုန်းလမ်းသွားလာရေး လမ်းကြောင်းများနှင့် မြစ်ချောင်းခြားထားသော ဒေသများတွင် နေထိုင်သူများသည် မြစ်ချောင်းများကို ကူးတို့လှေကလေးများဖြင့် ကူးခတ်ကာ ဖြစ်သလိုကြုံသလို သွားလာနေကြရသည်။ ပေ ၇၀၀ ကျော်မျှ ကျယ်ဝန်းသော ချောင်းရိုးများကိုပင် တံတားတစ်စင်းမျှ မရှိဘဲ ကြုံသလို ကူးခတ်သွားလာနေကြရသော နေရာဒေသများ ရခိုင်ပြည်နယ်ထဲတွင် မရေတွက်နိုင်အောင်ရှိသည်။ 

(ငါး) 

လွန်ခဲ့သော ၂၀၁၅ ခုနှစ်၊ မတ် ၁၃ ရက်နေ့တွင် နစ်မြုပ်ခဲ့သော အောင်တံခွန် (၃) ပင်လယ်ကူးသင်္ဘောကြီး အဖြစ်အပျက်မှစတင်ကာ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်တာကာလ၌ ရေလမ်းခရီးတွင် ကူးတို့လှေများ၊ မော်တော်ဘုတ်များနှင့် သင်္ဘောများနစ်မြုပ်၍ သေဆုံးရသူဦးရေ အများအပြား ရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့က ပိုးရွှီပြင်ရွာမှ ကူးတို့လှေဖြင့် ကျောင်းသွားရင်း လှေနစ်မြုပ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အသက်ဆုံးရှုံးခဲ့ကြရသည်။ ယခုတစ်ကြိမ်တွင်လည်း ကျောင်းသွားရင်းဖြင့်ပင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ရေပြင်ထဲ၌ အသက် ဆုံးရှုံးကြရပြန်သည်။ ထိုအဖြစ်များ၏ အခြေခံအကြောင်းအရင်းများမှာ ရခိုင်ပြည်နယ်ထဲတွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းများကြောင့်သာဖြစ်၏။ 

ရခိုင်ပြည်နယ်ကို စင်ကာပူကဲ့သို့ ဖြစ်အောင်ဖန်တီးရေးသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရခိုင်တို့မက်ခဲ့ရသော ပန်းစကားအိပ်မက်ဖြစ်သည်။ လက်ရှိအချိန်တွင် နှစ်ကာလတို့သည် လည်းကောင်း၊ နိုင်ငံကိုအုပ်ချုပ်သော အစိုးရတို့သည်လည်းကောင်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ သို့သော် ဖြတ်သန်းလာခဲ့ရသော သုံးနှစ်တာကာလအတွင်းတွင် ရခိုင်ပြည် နယ်သည် စင်ကာပူနှင့် မည်ရွေ့မည်မျှ တူခဲ့ပါသနည်း။ မည်သည့် အစိတ်အပိုင်းများတွင် စင်ကာပူကဲ့သို့ တိုးတက်ခဲ့ပါသနည်းဆိုသည်ကို စဉ်းစားစရာဖြစ်၏။ 

NLD အစိုးရတက်စတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သိန်းတစ်သောင်း လျာပေးထားခဲ့သည်။ မြန်မာနိုင်ငံမြို့ကြီးများအတွင်းမှ ခေတ်မီတံတားတစ်စင်းနှင့် လမ်းတစ်လမ်း၏ တန်ဖိုးနှင့်ညီမျှနိုင်သော ကျပ်ငွေပမာဏတစ်ခုဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးအခြေအနေတွင်ရှိသော ပြည်နယ်တစ်ခုကို ကယ်တင်ရန်မှာလည်း ပန်းအိပ်မက်သာ ဖြစ်သည်။ ထိုအထဲတွင် အစိုးရကချပေးလိုက်သော ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေများကို ပိုလျှံသဖြင့် ပြန်လည်အပ်နှံသောသူများလည်း ရခိုင်ပြည်နယ်တွင် ရှိနေပါသေး၏။ 

ရခိုင်ပြည်နယ်ကို စင်ကာပူကဲ့သို့ တည်ဆောက်ရေးထက် မြစ်ချောင်းမြင်လျှင် တံတားဆင်ရင်း သုံးသန်းမျှသော ရခိုင်ပြည်သူတို့၏ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို ပြုပြင်ရန်သာ အဓိက အကြောင်းအရင်းဖြစ်သည်။ သို့မှသာ မြစ်ချောင်းများအတွင်းသို့ ပေးဆပ်နေကြရသော ရခိုင်တို့၏ မျက်ရည်လိုက်ပွဲများကို ရပ်တံ့နိုင်လိမ့်မည် ဖြစ်ပါသည်။ 

ရက္ခ



FOLLOW US