News

POST TAGGED AS

မြောက်ကိုရီးယား

ကင်ဂျုံနမ် လုပ်ကြံမှုအတွက် မြောက်ကိုရီးယား သံတမန်တစ်ဦးကို မလေးရှားရဲ မေးမြန်းရန် တောင်းဆို၊ မြောက်ကိုရီးယားသံရုံး ပြင်းစွာအမျက်ထွက်
ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အစ်ကိုဖြစ်သူ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ဆက်နွှယ်၍ ကွာလာလမ်ပူ အခြေစိုက် မြောက်ကိုရီးယားသံရုံးမှ အကြီးတန်းသံတမန်တစ်ဦးကို စုံစမ်းမေးမြန်းလိုကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ရာ မြောက်ကိုရီးယားသံရုံးက အမျက်ဒေါသ ထွက်သွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

သံရုံးမှာ အကြီးတန်းသံတမန် ဆိုသူမှာ ဟွန်ကောင်ဆောင်ဖြစ်ပြီး ၎င်းသည် မလေးရှား ရဲတပ်ဖွဲ့က ရှာဖွေနေသည့် မြောက်ကိုရီးယားနိုင်ငံသား သုံးဦးအနက် တစ်ဦးအပါအဝင် ဖြစ်သည်။

မလေးရှား ရဲတပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်ဖော်ပြောဆိုမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယားသံရုံးက အမျက်ဒေါသထွက်ကာ အခြေအမြစ် မရှိသည့် စွပ်စွဲမှုများ ဖြစ်သည်ဟု တုံ့ပြန်သည်။ 

ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ မြောက်ကိုရီးယားခေါင်းဆောင်၏ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်မှာ ကွာလာလမ်ပူ လေဆိပ်တွင် အမျိုးသမီးနှစ်ဦး၏ အဆိပ်ဖြင့် သုတ်လိမ်းတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယားသံရုံးက ကြေညာချက် ထုတ်ပြန်ရာတွင် အဆိပ်ဟုဆိုသော အရာများမှာ အမျိုးသမီးနှစ်ဦး၏ လက်ထဲတွင် ရှိသောကြောင့် ယင်းအရာသည် မည်သို့မျှ အဆိပ်မဖြစ်နိုင်ကြောင်း ဆိုထားပြီး အပြစ်မရှိသော ယင်းအမျိုးသမီးနှစ်ဦးနှင့် မြောက်ကိုရီးယား နိုင်ငံသား တစ်ဦးတို့ကို အမြန်ဆုံး လွှတ်ပေးရန် မလေးရှား ရဲတပ်ဖွဲ့ကို တောင်းဆိုထားသည်။ 

မလေးရှား ရဲတပ်ဖွဲ့မှ ရဲချုပ် ခါလစ် အဘူဘာကာက ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခင်ကြေညာထားသည့် သံသယရှိသူများအပြင် နောက်ထပ် မြောက်ကိုရီးယားလူမျိုး သုံးဦးကို ဖမ်းဆီးရန် ရှာဖွေလျက် ရှိသည်ဟု ပြောကြားသည်။ 

၎င်းထုတ်ဖော်ပြောဆိုသော မြောက်ကိုရီးယားနိုင်ငံသား သုံးဦးအနက် တစ်ဦးမှာ ကွာလာလမ်ပူ အခြေစိုက် မြောက်ကိုရီးယားသံရုံးမှ ဒုတိယအတွင်းဝန် ဟွန်ကောင်ဆောင် (၄၄ နှစ်) ဖြစ်နေသည်။ 

အခြားနှစ်ဦးမှာ Air Koryo တွင် အလုပ်လုပ်သူ ကင်အူအီလ် (၃၇ နှစ်) နှင့် ရီဂျူအူးတို့ ဖြစ်ကြသည်။ 

မလေးရှားရဲချုပ် ခါလစ်အဘူဘာကာက သံရုံးမှ ဒုတိယအတွင်းဝန် ဟွန်ကောင်ဆောင်ကို မေးမြန်းမှုများ ပြုလုပ်ခွင့် ပြုစေလိုကြောင်း မြောက်ကိုရီးယား သံအမတ်ကြီးထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ 

အကယ်၍ သံအမတ်ကြီးဘက်က မိမိတို့ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု မပြုဘဲနေမည် ဆိုပါက ၎င်းတို့အနေနှင့် ရဲတပ်ဖွဲ့ ရှိရာသို့ လာရောက်ရန် ဖိအားပေးသွားမည် ဖြစ်သည်ဟု ရဲချုပ်က ဆိုသည်။ 

လက်ရှိအနေအထားတွင် ကင်ဂျုံနမ်၏ ရုပ်အလောင်းထားရှိရာ ရင်ခွဲဌာနတွင် လုံခြုံရေး တင်းကျပ်ထားသည်ဟု ရဲချုပ်က ဆိုသည်။ 

“ဆေးရုံက ရင်ခွဲရုံကို တစ်စုံတစ်ယောက်က ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကို  ကျွန်တော်တို့ သိထားတယ်။ ကျွန်တော်တို့ အနေနဲ့ ကြိုတင်သတိပေးချက်တွေ လုပ်ထားပါတယ်” ဟု ၎င်းင်း၏ ပြောကြားချက်ကို Malay Mail သတင်းစာက ကိုးကားဖော်ပြသည်။           

F-01



FOLLOW US