News

POST TAGGED AS

မြောက်ကိုရီးယား

ထရမ့်အစိုးရ မြောက်ကိုရီးယားအပေါ်ထားသည့် မူဝါဒ ပြောင်းလဲရမည်ဟု ပြုံယမ်း သတိပေး
ဝါရှင်တန်ဒီစီ၊ နိုဝင်ဘာ ၁၀

မကြာခင် အမေရိကန်ပြည်ထောင်စုတွင် အာဏာရလာတော့မည့် ဒေါ်နယ်ထရမ့် အစိုးရအနေနှင့် မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားလက်နက် နိုင်ငံတော်တစ်ခုအဖြစ် ဆက်ဆံရမည် ဖြစ်ပြီး နျူကလီးယား အစီအစဉ်ကို လက်လျှော့ခိုင်းနေခြင်းမှာ ခေတ်နောက်ကျနေသည့် အမြင်မှားမှုကြီး ဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရ မီဒီယာက ရေးသားတိုက်တွန်းထားသည်။

“အိုဘားမား အစိုးရက လုပ်ဆောင်ခဲ့သမျှများဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်အောင် လုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်ပါတယ်” ဟု အဆိုပါ မြောက်ကိုရီးယား အစိုးရအာဘော် သတင်းစာ ရိုဒေါင်၏ အယ်ဒီတာ့အာဘော်က ဖော်ပြထားသည်။

အဆိုပါ အယ်ဒီတာ့အာဘော်က ဒေါ်နယ်ထရမ့်ကို နာမည်မတပ်သော်လည်း မြောက်ကိုရီးယားအပေါ် ထားသည့် မူဝါဒကို ပြောင်းရလိမ့်မည်ဟု အထပ်ထပ် ပြောကြားခဲ့သည်။ 

အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျိမ်းစ်ကလက်ပါက မြောက်ကိုရီးယားကို နျူကလီးယား ကင်းစင်သည့်နေရာ ဖြစ်အောင် လုပ်ခြင်းမှာ မအောင်မြင်ခဲ့ဟု မှတ်ချက်ပြုခဲ့ခြင်းကိုလည်း အဆိုပါ သတင်းစာက ကိုးကားပြောကြားထားသည်။

‘အမေရိကန် မူဝါဒ ချမှတ်သူများ အနေနှင့် ကလက်ပါ၏ ပြောစကားများကို  မှတ်သားထားသင့်သည်’ ဟု အဆိုပါ မြောက်ကိုရီးယား သတင်းစာက ဆိုထားသည်။

နျူကလီးယားနိုင်ငံ တစ်နိုင်ငံ အဖြစ် မြောက်ကိုရီးယားကို လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုက အိုဘားမား အစိုးရလက်ထက်တွင် ပြောကြားထားပြီး ဖြစ်သည်။

နျူကလီးယား ဖျက်သိမ်းရန် လိုလားချက်ရှိပါမှ မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ စတင်မည်ဟုလည်း ဘားရက်အိုဘားမား အစိုးရက ပြောဆိုထားသေးသည်။

မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်ဖောက်ခွဲခြင်းနှင့် ဒုံးကျည်ပစ်လွှတ် လေ့ကျင့်ခြင်းတို့ မကြာခဏ ပြုလုပ်သောကြောင့် ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ ခံနေရသည်။

ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနှင့် ညှိနှိုင်းဆွေးနွေးရန် လိုလားကြောင်း ပြောကြားဖူးပြီး ကင်ဂျုံအန်း အမေရိကန်ပြည်ထောင်စုသို့ လာလည်မည်ဆိုလျှင် လက်ခံတွေ့ဆုံမည်ဟု ပြောကြားထားဖူးသည်။  



FOLLOW US