News

POST TAGGED AS

မြောက်ကိုရီးယား

အကောက်ခွန်စည်းကြပ်မှုအသစ်များ အပြန်အလှန်ချမှတ်လိုက်ခြင်းဖြင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်


ဝါရှင်တန်၊ ဩဂုတ် ၂၅

အမေရိကန်နှင့် တရုတ်တို့သည် တစ်ဖက်နှင့်တစ်ဖက် အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ပြင်းထန်လွန်းသော အကောက်ခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မှုများချမှတ် အကောင်အထည်ဖော်လိုက်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲကိုပိုမိုပြင်းထန်လာစေခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

နှစ်နိုင်ငံတာဝန်ရှိသူများ ဝါရှင်တန် တွင် ကုန်သွယ်ရေးကိစ္စ ညှိနှိုင်းနေကြသော်လည်း ပြင်းထန်သည့် စည်းကြပ်မှုများကို စီစဉ်ထားသည့်အတိုင်း ဆက်လက်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လနောက်ပိုင်း ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံစုစုပေါင်းအပြန်အလှန် အကောက်ခွန်စည်းကြပ်ခဲ့သည်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရှိပြီဖြစ်သလို ထပ်မံစည်းကြပ်မည့် အလားအလာလည်းရှိနေရာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအပေါ်တွင်ပါ ထိခိုက်လာနိုင်သည်။

ဝါရှင်တန်ဘက်က ဆက်လက် ခေါင်းမာနေဆဲဖြစ်သည်ဟု တရုတ်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး နှစ်ဖက်စလုံးက စည်းကြပ်မှုများကို တရုတ်နိုင်ငံစံတော်ချိန် ည ၁၂ နာရီကျော် ချိန်တွင် စတင်ချမှတ်ခဲ့ကြသည်။

“တရုတ်ကဒါကို လုံးဝဆန့်ကျင်ပါတယ်။ လိုအပ်တဲ့ တန်ပြန်အစီအမံတွေ လုပ်ဆောင်သွားမှာပါ” ဟု ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားပြီး ယင်းကိစ္စကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တင်ပြသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံကသာ အသိဉာဏ် ပစ္စည်း မူပိုင်ခွင့် အလွဲသုံးမှုများ၊ စက်မှုစီမံကိန်းများအပေါ် အစိုးရ၏ အရှုံးခံစိုက် ထုတ်ပေးထားမှုများ၊ အခွန်စည်းကြပ်မှု ပုံစံများကို အကြီးအကျယ် ပြင်ဆင်ပြောင်းလဲ မပေးပါက၊ အမေရိကန်ကုန်စည်များကို ပိုမိုဝယ်ယူခြင်းမပြုပါက အမေရိကန်သို့ တရုတ်ဘက်မှ နှစ်စဉ်တင်ပို့နေသောအမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့်ရှိပို့ကုန် အားလုံးနီးပါးအပေါ် အကောက်ခွန်စည်း ကြပ်သွားမည်ဟု အမေရိကန်က ခြိမ်းခြောက်သွားသည်။

တရုတ်ဘက်ကလည်း အပြန်အလှန်အနေနှင့် အမေရိကန်ကုန်စည်များကို စည်းကြပ်ရုံသာမကဘဲ တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများ ပိုမိုလုပ်ကိုင်ရခက်ခဲစေရန် သို့မဟုတ် ပို့ကုန်သမားများမထိ ခိုက်စေရေး ယွမ်ငွေတန်ဖိုးကို ယခုထက် ပိုမိုအားနည်းစေရန် လုပ်ဆောင်သွားဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။

ထရမ့်အစိုးရအဖွဲ့ဝင်များအကြား၌ ပင် တရုတ်အပေါ် မည်သို့ ဖိအားပေးရမည် ဆိုသည့်အချက်အပေါ် သဘောကွဲလွဲမှုများ ရှိနေသော်လည်း တရုတ်စီးပွားရေး နှေးကွေးလာခြင်းနှင့် တရုတ်စတော့ဈေးကွက် ယိမ်းယိုင်လာခြင်းတို့ကြောင့် ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်နိုင်နေသည်ဟု အိမ်ဖြူတော်က ယူဆနေသည်။

“သူတို့က လွယ်လွယ်အလျှော့ပေးမှာ မဟုတ်ဘူး။ သဘာဝအတိုင်းဆိုရင်တော့ သူတို့ နည်းနည်းတော့ လက်တုံ့ပြန်လာပါလိမ့်မယ်။ ဒါပေမဲ့ အဆုံးကျရင် ကျွန်တော်တို့က သူတို့ထက် ပစ်စရာ ကျည်ဆန်ပိုများပါတယ်။ သူတို့ဒါကို သိပါတယ်။ သူတို့ထက် ကျွန်တော်တို့ စီးပွားရေးက ပိုအားကောင်းပါတယ်။ ဒါကိုလည်း သူတို့သိပါတယ်” ဟု အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရို့စ်က CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

F-03



FOLLOW US