News

POST TAGGED AS

မြောက်ကိုရီးယား

ဒေါ်လာ ဝယ်ဈေး၊ ရောင်းဈေး ကွာဟချက် မြင့်တက်


ရန်ကုန်၊ ဩဂုတ် ၂၁

အမေရိကန်ဒေါ်လာဈေးနှုန်းများ မြင့်တက်နေသည့်အချိန်အခါတွင် ပုဂ္ဂလိကဘဏ်များ၏ အမေရိကန်ဒေါ်လာ ဝယ်ဈေး၊ ရောင်းဈေး ကွာဟချက်မှာ ဒေါ်လာဈေး တည်ငြိမ်နေစဉ် ယခင်ကထက် ပိုမိုများပြားကြောင်း ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ငွေလဲနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။

ဒေါ်လာအမြင့်ဈေးဖြင့် ငြိမ်သက်ခဲ့သည့် ဇွန်လအတွင်းက ပုဂ္ဂလိကဘဏ်များ၏ ဒေါ်လာဝယ်ဈေးနှင့် ရောင်းဈေး ကွာဟချက်သည် ၄ ကျပ်မှ ၁၀ ကျပ်အောက်သာ ရှိခဲ့သော်လည်း ယခုအခါ ဒေါ်လာ ဝယ်ဈေး၊ ရောင်းဈေး ကွာဟချက်မှာ ၁၅ ကျပ် မှ ၃၀ ကျပ်အထိရှိကြောင်း အဆိုပါထုတ်ပြန်ချက်များအရ သိရသည်။

ပြင်ပငွေလဲကောင်တာများ၌မူ ဒေါ်လာဝယ်ဈေး၊ ရောင်းဈေးကွာဟမှုမှာ ယခင်ကထက် များပြားလာသည်ဟုဆိုသော်လည်း လက်ရှိကွာဟမှုမှာ တစ်ဒေါ်လာ ၁၀ ကျပ်ခန့်သာရှိကြောင်း ပြင်ပငွေလဲကောင်တာများ၏ နေ့စဉ်ငွေကြေးဈေး နှုန်း ထုတ်ပြန်ချက်များအရ သိရသည်။

“အခုလို ငွေဈေးက အတက်အကျများနေတဲ့အချိန်မှာ သူတို့က ရှုံးမှာကြောက်လို့ပါ။ အစိုးရိမ်ကြီးတာကြောင့်လည်း ပါမှာပေါ့” ဟု ဝါးခယ်မ ငွေလဲကောင်တာ ပိုင်ရှင် ဒေါက်တာစိုးထွန်းက ပြောဆိုသည်။

ဘဏ်များ၏ ဒေါ်လာဝယ်ဈေး၊ ရောင်းဈေး ကွာဟချက် များပြားမှုသည် ငွေဈေးမတည်ငြိမ်သည့် ကာလများတွင် ဖြစ်ပေါ်မှုများပြားပြီး ဒေါ်လာဈေး တည်ငြိမ်နေချိန်တွင် ကွာဟမှုနည်းပါးလေ့ရှိသည်။

လတ်တလော၌ ဒေါ်လာဈေးတည်ငြိမ်ခြင်းမရှိဘဲ ဩဂုတ်လ ၂၀ ရက်နေ့က တစ်ရက်အတွင်း တစ်ဒေါ်လာ ၁၈ ကျပ်ခန့်အထိ အတက်အကျ ဖြစ်ပေါ်ခဲ့ပြီး ဩဂုတ်လ ၂၁ ရက်နေ့၌လည်း တစ်ရက်အတွင်း တစ်ဒေါ်လာ ၁၅ ကျပ်ခန့်အထိ အတက်အကျဖြစ်ပေါ်ခဲ့သည်။

လက်ရှိဒေါ်လာဈေးသည် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ခန့်၊ ပုဂ္ဂလိကဘဏ်ဈေးသည် တစ်ဒေါ်လာ ၁၅၀၀ ကျပ်ခန့်နှင့် ဗဟိုဘဏ်သတ်မှတ် ဈေးသည် တစ်ဒေါ်လာ ၁၄၉၅ ကျပ်ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04




FOLLOW US