News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယား၏ နျူကလီးယား ကတိစကားကို လက်တွေ့အကောင်အထည်ဖော်ရန် ထင်သလောက်မလွယ်ကူ


ဝါရှင်တန်၊ ဇူလိုင် ၂၂

ယခုအခါ အမေရိကန်အစိုးရသည် နျူကလီးယားလက်နက်ဖြုတ်သိမ်းပေးပါမည်ဟု ဆိုထားသော ကွန်မြူနစ်မြောက်ကိုရီးယား၏ ကတိစကားကို အမှန်တကယ် လုပ်ပါလုပ်ဆောင်လာသည့် အခြေအနေဖြစ်လာအောင် ခက်ခက်ခဲခဲကြိုးပမ်းလျက်ရှိသည်ဟု ပညာရှင်များက ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂတွင် မြောက်ကိုရီးယားကို အပြည့်အဝဒဏ်ခတ်အရေးယူနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မည်မျှပင်ကြိုးပမ်းခဲ့သော်လည်း ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲ အပြီးတစ်လကျော်ကြာမြင့်သည်အထိ နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မရှိသေးသည်ကိုကြည့်လျှင် လက်တွေ့၌ အခက်အခဲများစွာရှိနေသည်ကို တွေ့မြင်နိုင်သည်။

ဇွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲအပြီး ထရမ့်နှင့်ကင်ဂျုံအန်းတို့ ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ၌ ကိုရီးယားကျွန်းဆွယ်ဒေသ ပြီးပြည့်စုံသော နျူကလီးယားလက်နက်ဖြုတ်သိမ်းရေး ပေါ်ပေါက်လာရန်မိမိအနေနှင့် အခိုင်အမာဆုံးဖြတ်ထားပြီဖြစ်ကြောင်း ကင်ဂျုံအန်းက ဆိုထားသည်။ 

သို့သော် အမှန်တကယ်လုပ်ငန်းစဉ် အသေးစိတ်အားဖြင့် မည်သည့်နေ့ရက် အချိန်ကာလတွင် စတင်လုပ်ဆောင်မည်၊ နျူကလီးယားလက်နက်များ လူသိရှင်ကြား ဖြုတ်သိမ်းပြမည်ဟူသောအချက်ကို နှစ်နိုင်ငံစလုံး မဆွေးနွေးကြရသေးပေ။

ယင်းထိပ်သီးဆွေးနွေးပွဲ ပြီးစကာလက အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကို အဆောတလျင်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း “ကျွန်တော်တို့အနေနဲ့လာမယ့် ၂၀၂၀ ပြည့်နှစ် နောက်ဆုံးထားပြီး လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်” ဟု ယင်းဆွေးနွေးပွဲအပြီးတွင် မိုက်ပွန်ပီယိုကမှတ်ချက်ပေးခဲ့သည်။

သို့သော် ရက်ပေါင်း ၄၀ ကျော်အကြာ၊ မိုက်ပွန်ပီယို မြောက်ကိုရီးယားသို့ ထပ်မံသွားရောက်ခဲ့ပြီးနောက် အမေရိကန်တို့ဘက်တွင် အပြောင်းအလဲများဖြစ်လာခဲ့သည်။

“ကျွန်တော်တို့မှာ အချိန်ကန့်သတ်ချက်မရှိဘူး၊ မြန်နှုန်းကန့်သတ်ချက်လည်းမရှိဘူး”ဟု သမ္မတထရမ့်ကိုယ်တိုင် သတင်းထောက်များကိုပြောကြားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ မစ္စဟီသာနူးအပ်က “ဒီအရေးကိစ္စအတွက် နေ့စဉ်နဲ့အမျှ ပင်ပင်ပန်းပန်းကြိုးစားလုပ်ကိုင်နေတဲ့ အဖွဲ့တွေရှိပါတယ်။ လုပ်စရာအလုပ်တွေလည်း အများကြီးကျန်ရှိသေးတယ်ဆိုတာကို ကျွန်မတို့ပြောပြပြီးသားပါ” ဟု ဆိုသည်။ 

ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ စင်ကာပူထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ အများကြီး မျှော်လင့်မထားကြရန် ပညာရှင်အချို့က ကြိုတင်သတိပေးခဲ့ကြသလို နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးအတွက် အချိန်စောင့်ရမည်ဟု ခန့်မှန်းခဲ့ကြသည်။ 

ဝါရှင်တန်အခြေစိုက် Think Tank တစ်ခုမှ အီဘရာဟင်ဒိန်းမတ်က “အောင်မြင်ဖို့ဆိုရင်တော့ ဆွေးနွေးမှုတွေအတွက် အချိန်ပေးလုပ်ယူရမယ်” ဟု ဆိုပြီး ပြည့်စုံသော နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်အဖြစ် အတည်ပြုသတ်မှတ်ရန် အနည်းဆုံး ၁၅ နှစ်ကြာမြင့်သည်ဟု ပြောကြားသည်။ 

လေ့လာစောင့်ကြည့်သူအချို့ကမူ စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင်ရရှိခဲ့သော အရှိန်အဟုန်မှာ ယခုအခါ ကျဆင်းလာပြီဖြစ်သည်ဟု စိုးရိမ်တကြီးဖြစ်လျက်ရှိသည်။ 

F-01



FOLLOW US