News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယား စားပွဲထိုးမိန်းကလေးများ ဘက်ပြောင်းမှု စုံစမ်းစစ်ဆေးရန် ကုလတိုက်တွန်း


ဆိုးလ်၊ ဇူလိုင် ၁၀

လွန်ခဲ့သော နှစ်နှစ်ခန့်က ဖြစ်ပွားခဲ့သော မြောက်ကိုရီးယားစားပွဲထိုးမိန်းကလေးများ တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံမှုဖြစ်စဉ်တွင် ကာယကံရှင်များသည် သူတို့ဘယ်သွား၍ သွားမှန်းမသိခဲ့ကြဟု မြောက်ကိုရီးယားအရေး ကုလသမဂ္ဂလူ့အခွင့်အရေး ထိပ်တန်းတာဝန်ရှိသူက ပြောကြားကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

ယင်းကိစ္စမှာ ယခင်ကတည်းက အငြင်းပွားဖွယ်ဖြစ်ခဲ့ရပြီး မိန်းကလေးများမှာ တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသော မြောက်ကိုရီးယားနိုင်ငံပိုင် စားသောက်ဆိုင်မှ အဓမ္မခေါ်ဆောင်သွားခံရခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားဘက်က ထုတ်ပြန်သလို သူ့တို့သဘောနှင့်သူတို့ ဘက်ပြောင်းခိုလှုံခြင်းဖြစ်သည်ဟု တောင်ကိုရီးယားဘက်က ထုတ်ပြန်သည်။

ထိုစားပွဲထိုး မိန်းကလေး ၁၂ ဦး၏ မန်နေဂျာဖြစ်သူက မိန်းကလေးများကို သွားရမည့်နေရာနှင့် ပတ်သက်၍ မိမိကလိမ်လည်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားတွင် ခိုလှုံသလို ဖြစ်စေရန် ဖန်တီးပေးခဲ့ခြင်းဖြစ်ကြောင်း မေလအတွင်းက ဖွင့်ဟအသိပေးခဲ့ရာ အခြေအနေများ ရှုပ်ထွေးသွားခဲ့သည်။

ပြီးခဲ့သည့်အပတ်အတွင်း တောင်ကိုရီးယားမြို့တော် ဆိုးလ်သို့ရောက်ရှိလာသော မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တောမတ်စ်အိုဂျီယာ ကင်တားနားသည် ထိုမိန်းကလေးများအနက်မှ အချို့နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။

ထိုမိန်းကလေးများ၏အဆိုအရ တောင်ကိုရီးယားသို့ သွားရမည်ကိုမသိဘဲ ခေါ်ဆောင်သွားခံရခြင်းဖြစ်သည်ဟု ကင်တားနားက ပြောကြားခဲ့သည်။

ဖြစ်ရပ်မှန်ကိုဖော်ထုတ်ရန် တောင်ကိုရီးယားအစိုးရအနေနှင့် ကျယ်ကျယ်ပြန့်ပြန့်၊ အမှီအခိုကင်းသည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ပြီး တာဝန်ရှိသူများ တာဝန်ခံရမည်ဖြစ်ကြောင်း ကင်တားနားက တိုက်တွန်းခဲ့သည်။

စားပွဲထိုးမိန်းကလေးများ အလုပ်လုပ်ကိုင်ရာ တရုတ်နိုင်ငံ နင်ဘိုမြို့ရှိ မြောက်ကိုရီးယားစားသောက်ဆိုင်၏ မန်နေဂျာဖြစ်သူ ဟီယိုဂန်အီးလ်က ၂၀၁၄ ခုနှစ်အတွင်း သူ့ကို တောင်ကိုရီးယားထောက်လှမ်းရေး (NIS) က သိမ်းသွင်းစုဆောင်းခဲ့သည်ဟုဆိုသည်။

မိမိ၏ နှစ်ဖက်ချွန်သတင်းပေးလုပ်နေမှု ပေါ်ပေါက်မည်စိုးသောကြောင့် ၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယားသို့ ဘက်ပြောင်းခိုလှုံခွင့်ပေးရန် ဟီယိုဂန်အီးလ်က တောင်းဆိုခဲ့သည်ဟုဆိုသည်။ ဘက်ပြောင်းရန် နောက်ဆုံးအချိန်တွင် ဝန်ထမ်းများကိုပါ တစ်ပါတည်းခေါ်ခဲ့ရန် စီစဉ်သူများက ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

ကင်တားနားက ထိုအမျိုးသမီးများ မြောက်ကိုရီးယားသို့ပြန်လိုခြင်း၊ မပြန်လိုခြင်းကို မိမိမသိသော်လည်း ၎င်းတို့၏ဆန္ဒကို လေးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

F-03



FOLLOW US