News

POST TAGGED AS

မြောက်ကိုရီးယား

နျူကလီးယားဖြုတ်သိမ်းရေးကိစ္စအတွက် မြောက်ကိုရီးယားကို မကြာမီအတိအကျမေးမြန်းကာ အချိန်ကန့်သတ်ချက်ပေးမည်ဟု သတင်းထွက်


ဝါရှင်တန်၊ ဇွန် ၂၅

စင်ကာပူထိပ်သီးဆွေးနွေးပွဲအလွန် အချိန်အခါတွင် မြောက်ကိုရီးယားနိုင်ငံအနေနှင့် နျူကလီးယားဖြုတ်သိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော အချိန်သတ်မှတ်ချက် (အချိန်ဇယား) ပေးကာ လုပ်ဆောင်ပေးရန် အမေရိကန်ပြည်ထောင်စုဘက်က အတိအကျမေးမြန်းမှုများကို မကြာမီပြုလုပ်တော့မည်ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲအပြီး ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင် မြောက်ကိုရီးယားနျူကလီးယားဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ အမေရိကန်ဘက်က ယင်းသို့ အသံထွက်လာခြင်းလည်းဖြစ်သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို ပြောကြားခြင်းမရှိသော်လည်း မြောက်ကိုရီးယားဘက်က ကတိပြုထားသည့်အတိုင်း မည်မျှအတိုင်းအတာအထိ လုပ်ဆောင်လာမည်နည်းဟူသောအချက်ကို သိရှိနိုင်ရေးအတွက် အချိန်ကန့်သတ်ချက် အတိအကျပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

“သူတို့ တကယ်လိုလိုလားလားနဲ့ လုပ်ကိုင်လာမလားဆိုတာကို ကျွန်တော်တို့တွေ မကြာခင်သိကြရတော့မှာပါ” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါအမည်မဖော်လိုသူ အရာရှိကြီးကပြောကြားသည်။ 

“သူတို့ကို အတိအကျမေးမြန်းတာတွေလုပ်မယ်၊ အချိန်ကန့်သတ်ချက် အတိအကျပေးမယ်။ စင်ကာပူထိပ်သီးဆွေး နွေးပွဲမှာရခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးဆိုတဲ့ သဘောတရားနဲ့သူတို့ (မြောက်ကိုရီးယား) ကို အသိပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်မှတ်ချက်ပေးသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကမူ ၎င်းအနေနှင့် မြောက်ကိုရီးယားသို့ မကြာမီသွားရောက်ကာ ဇွန်လ ၁၂ ရက်ထိပ်သီးဆွေးနွေးပွဲတွင်ရရှိခဲ့သည့် သဘောတူညီချက်များကိစ္စကို ဆွေးနွေးဖွယ်ရှိသည်ဟု ပြီးခဲ့သည့် သတင်းပတ်က ထုတ်ဖော်ပြောဆိုသည်။ 

သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့သည် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကြီးကို ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက်များ အပြီးသတ်ဖြုတ်သိမ်းမည့်ကိစ္စကို သဘောတူညီခဲ့သလို အမေရိကန်ဘက်ကလည်း တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုများ ရပ်ဆိုင်းပေးမည်ဟု ကတိပေးခဲ့သည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ကမူ သမ္မတထရမ့်၏ ညွှန်ကြားချက်အရ Freedom Guardian ဟု အမည်ရသည့် စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းရုံမျှမက တောင်ကိုရီးယားတို့နှင့် ရေကြောင်းဆိုင်ရာ အသေးစားလေ့ကျင့်မှုနှစ်ရပ်ကိုပါ ရပ်ဆိုင်းရမည်ဖြစ်သည်ဟု ပြောကြားသည်။ 

“လေ့ကျင့်ခန်းကြီးတွေပါတဲ့ အကြီးစားစစ်ရေးလေ့ကျင့်မယ့်ဟာကို ရပ်ဆိုင်းလိုက်ပါပြီ။ စေ့စပ်ဆွေးနွေးတာတွေကို ဆက်လက်လုပ်ဆောင်နိုင်မလားဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားပါမယ်” ဟု ဂျင်မက်တစ်က ပြောကြားသည်။ 

ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်သည် တနင်္ဂနွေနေ့မှစတင်ကာ အာရှခရီးစဉ်စတင်ခဲ့သည်။ ယင်းခရီးစဉ်တွင် တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့လည်း ပါဝင်သည်။ မြို့တော်ဘေဂျင်း၌ တရုတ်စစ်ဘက် ခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင် ဂျင်မက် တစ်အနေနှင့် မြောက်ကိုရီးယားနျူကလီး ယားဖြုတ်သိမ်းမည့်ကိစ္စကို ဦးစားပေးဆွေးနွေးဖွယ်ရှိသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့သွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ ဇွန်လ ၁၂ ရက်ထိပ်သီးဆွေးနွေးပွဲ ရလဒ်ကိစ္စကို ဆွေးနွေးခဲ့သည်ဟု KCNA သတင်းဌာနက ဖော်ပြသည်။

F-01



FOLLOW US