News

POST TAGGED AS

မြောက်ကိုရီးယား

တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရင်းနှီးမှုကို ရှီကျင့်ဖျင်နှင့် ကင်ဂျုံအန်းတို့ အပြန်အလှန်ဖော်ကျူး၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ပံ့ပိုးသွားမည်ဟု တရုတ်ကတိပြု


ဘေဂျင်း၊ ဇွန် ၂၀ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တတိယအကြိမ်မြောက် သွားရောက်သည့် ခရီ်းစဉ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဘေဂျင်းနှင့် ပြုံယမ်းအကြား တွန့်ဆုတ်မှုမရှိသော ချစ်ကြည်ရင်းနှီးမှု၊ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ရှိကြောင်း ကြေညာသလို တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်ခဲ့သည့်အတွက် ကင်ဂျုံအန်းကို အထူးပင် ချီးမွမ်းခန်းဖွင့်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

လူငယ်အော်တိုကရက်ခေါင်းဆောင်ဟု တင်စားခေါ်ဆိုခံလာရသည့် ကင်ဂျုံအန်းသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ထူးခြားသည့်ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ခဲ့သော်လည်း မြောက်ကိုရီးယားအနေနှင့် ကာလကြာရှည် လက်တွဲခဲ့သော မဟာမိတ်တရုတ်၏ အကျိုးစီးပွားကိုလည်း အထူးအလေးထားပါသည်ဟူသောအချက်ကို ဖော်ကျူးရန် မြို့တော်ဘေဂျင်းသို့ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့က နှစ်ရက်တာခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်ကဇွန်လ ၁၂ ရက်၊ စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ကင်ဂျုံအန်းကို ချီးမွမ်းပြောဆိုပြီး တရုတ်နိုင်ငံအနေနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်းစဉ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

ထရမ့်နှင့်ကင်တို့၏ ထိပ်သီးဆွေးနွေးပွဲမှ အပေါင်းလက္ခဏာဆောင်သည့် ရလဒ်ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်ဟု သမ္မတရှီကျင့်ဖျင်က ကင်ဂျုံအန်းကို ပြောကြားသည်။ 

“နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများ အပြောင်းအလဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရ၏ ရပ်တည်ချက်မှာတရုတ်-ကိုရီးယားဆက်ဆံရေးမှာ အပြောင်းအလဲဖြစ်မည်မဟုတ်ပေ”ဟု ရှီကျင့်ဖျင်၏ ပြောကြားချက်ကို တရုတ်နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြသည်။

“မြောက်ကိုရီးယားပြည်သူတွေအပေါ်ထားရှိတဲ့ တရုတ်ပြည်သူတွေရဲ့ ချစ်ခင်ရင်းနှီးမှုဟာ အပြောင်းအလဲဖြစ်မှာ မဟုတ်ပါဘူး၊ ဆိုရှယ်လစ်မြောက်ကိုရီးယားအပေါ်ထားရှိတဲ့ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုလည်း အပြောင်းအလဲဖြစ်မှာ မဟုတ်ပါဘူး” ဟု သမ္မတရှီကျင့်ဖျင်ကဆိုသည်။ 

တရုတ်နိုင်ငံပိုင်ရုပ်သံဌာန၏ ဖော်ပြချက်တွင် မြောက်ကိုရီးယားအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်အပါအဝင် အခြားအုပ်စုများနှင့် ပူးပေါင်းလုပ်ဆောင်သွားရမည်ဟု မိမိမျှော်လင့်ထားကြောင်း ကင်ဂျုံအန်းက ရှီကျင့်ဖျင်ကို ပြောကြားသည်။ 

တရုတ်နိုင်ငံသည် ဇွန်လ ၁၂ ရက် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်ခြင်းမရှိခဲ့သော်လည်း ပြုံယမ်းမှ စင်ကာပူသို့ သွားသည့် လေကြောင်းခရီးစဉ်အတွက် ကင်ဂျုံအန်းကို လေယာဉ်ပျံငှားရမ်းခဲ့သည်။ Air China လေကြောင်းလိုင်းမှ ဘိုးအင်း ၇၃၇ အမျိုးအစားလေယာဉ်ကို စီးနင်းကာ စင်ကာပူသို့ ကင်ဂျုံအန်းသွားခဲ့ခြင်းကိုကြည့်လျှင် တရုတ်သည် မြောက်ကိုရီးယားအပေါ် သံတမန်ရေးအရ မည်မျှလွှမ်းမိုးထားနိုင်သည်ကို တွေ့နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများကဆိုသည်။ 

ကင်ဂျုံအန်းသည် အာဏာရရှိလာပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံကိုသာရွေးချယ်ခဲ့သည်။ ယခု နောက်ဆုံးတစ်ကြိမ် ကင်ဂျုံအန်း၏ တရုတ်ခရီးစဉ်နှင့်ပတ်သက်သည့် အသေးစိတ်အစီအစဉ်ကိုမူ ထုတ်ပြန်ခြင်းမပြုပေ။ 

AFP သတင်းထောက်၏အဆိုအရ ကင်ဂျုံအန်းတည်းခိုသည့် Diaoyutai နိုင်ငံတော်ဧည့်ဂေဟာမှ မော်တော်ယာဉ်တန်းတစ်ခု ထွက်လာသည်ကိုတွေ့ရသည်ဟု ဆိုသည်။

F-01



FOLLOW US