News

POST TAGGED AS

မြောက်ကိုရီးယား

ထိပ်သီးဆွေးနွေးပွဲ သတင်းထုတ်ပြန်ရန်အတွက် မြောက်ကိုရီးယားမီဒီယာ ထုံးတမ်းစဉ်လာ ချိုးဖောက်


ပြုံယမ်း၊ ဇွန် ၁၂

မြောက်ကိုရီးယား မီဒီယာသည် သမ္မတထရမ့်နှင့်တွေ့ဆုံရန် စင်ကာပူသို့ ထွက်ခွာသွားသည့် ခေါင်းဆောင်ကင်ဂျုံအန်း၏ ခရီးစဉ်ကို ဇွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲမတိုင်မီကပင် သတင်းထုတ်ပြန်လိုက်သည်ဟု သတင်းတွင်ဖော်ပြထားသည်။

ယခင်က ပြုံယမ်းသို့ ကင်ဂျုံအန်း ဘေးကင်းစွာပြန်ရောက်မှ သတင်းထုတ်ပြန်လေ့ရှိသော မြောက်ကိုရီးယား မီဒီယာအနေနှင့် ယင်းသို့ ကြိုတင်သတင်းထုတ်ပြန်မှုသည် ယခင်ထုံးတမ်းစဉ်လာကို ချိုးဖောက်လိုက်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတနှင့် တွေ့ဆုံရန် ခေါင်းဆောင်ကင် စင်ကာပူသို့ ထွက်ခွာသွားသည့်သတင်းကို မြောက်ကိုရီးယား Central ရုပ်သံကသာမကဘဲ KCNA သတင်းဌာန၊ ရိုဒွန်းဆင်မြွန်သတင်းစာတို့ကပါ ထုတ်ပြန်ကြေညာခဲ့ကြသည်။

ရိုဒွန်းဆင်မြွန်သတင်းစာသည် ရန်ဘက်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးမှုအတွက် ပြည်သူများကို ကြိုတင်ပြင်ဆင်ပေးနေသည့် လက္ခဏာရှိသည်။

မြောက်ကိုရီးယားမီဒီယာများက ခေါင်းဆောင်ကင်သည် အမေရိကန်သမ္မတနှင့် သမိုင်းဝင်တွေ့ဆုံမှုအတွက် စင်ကာပူသို့ ထွက်ခွာသွားခြင်းဖြစ်ပြီး စင်ကာပူတွင် ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဦးစွာတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဖော်ပြကြသည်။

ခေါင်းဆောင်ကင်သည် ကိုယ်ပိုင်ဂျက်လေယာဉ်ကိုမသုံးဘဲ တရုတ်လေကြောင်းမှ လေယာဉ်ကို အသုံးပြုခဲ့သည်ဟုလည်း သိရှိရသည်။

တစ်ကမ္ဘာလုံးက မျှော်လင့်တကြီး အာရုံစိုက်နေကြသော ပထမဆုံး သမိုင်းဝင် မြောက်ကိုရီးယား-အမေရိက ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး ပြောင်းလဲသွားလိမ့်မည်ဟု သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

မြောက်ကိုရီးယားမီဒီယာ၏ အစဉ်အလာ အချိုးပြောင်းမှုသည် အရေးကြီးသော တစ်စုံတစ်ရာဖြစ်ပေါ်နေခြင်းကို ထင်ဟပ်သည်။

မကြာသေးမီက တရုတ်နိုင်ငံသို့ ကင်ဂျုံအန်း နောက်ဆုံးသွားရောက်ခဲ့သော ခရီးစဉ်နှစ်ခုကိုပင် ပြုယမ်းသို့ ၎င်းပြန်ရောက်ပြီးမှသာ မြောက်ကိုရီးယား မီဒီယာများက ဖော်ပြခဲ့ကြသည်။ ယခုအကြိမ်တွင်မူ ခေါင်းဆောင်ကင် ပြည်ပသို့ရောက်ရှိနေသည့် သတင်းကိုသာမကဘဲ လွန်ခဲ့သော ခြောက်လက အပြန်အလှန် လူသိရှင်ကြား စော်ကားဝေဖန်ခဲ့သော ပုဂ္ဂိုလ်နှင့်တွေ့ဆုံမည့် သတင်းကိုပါ ဖော်ပြခဲ့ကြသည်။

ကင်ဂျုံအန်းသည် လွန်ခဲ့သောနှစ်ပတ်ကတည်းက မြို့တော်ပြုံယမ်းတွင်မရှိဘဲ ဝမ်ဆန်ကမ်းခြေ နွေရာသီစံအိမ်ဆောက်လုပ်မှုကို သွားရောက်စစ်ဆေးနေခဲ့ပြီး နိုင်ငံအရှေ့ပိုင်းရှိ ရထားလမ်းတံတားသစ်ကို သွားရောက်ဖွင့်လှစ်ပေးခဲ့သည်။ 

ကင်ဂျုံအန်းမရှိစဉ်အတောအတွင်း မြို့တော်တွင် ဒုတိယခေါင်းဆောင် ကင်ယောင်နန် ရှိနေခဲ့ပြီး ရုရှားကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ သွားရောက်ရန် ပြင်ဆင်နေသည်ဟု နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြသည်။

မြောက်ကိုရီးယား ပြည်သူတို့သည် မွေးစကတည်းက အမေရိကန်နှင့် ဂျပန်တို့သည် မဟာရန်သူတော်ကြီးများဖြစ်ကြောင်း နားမဆံ့အောင်ကြားခဲ့ကြရပြီးဖြစ်ရာ ယခုကဲ့သို့ မူဝါဒ အခြေခံပြောင်းလဲမှုကို ရှင်းလင်းတင်ပြရန် လိုအပ်သောကြောင့် မြောက်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။

မြောက်ကိုရီးယား မီဒီယာများသည် မကြာသေးမီလပိုင်းများအတွင်း လေသံပြောင်းလဲသွားခဲ့ပြီး နျူကလီးယားကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဟောင်းနွမ်းသော အတွေးအခေါ်များကို ပြန်လည်သုံးသပ်ရမည့် ကာလသို့ ရောက်လာပြီဟု ရေးသားလာခဲ့ကြသည်။ ပြိုလဲနေသော စီးပွားရေးကိုလည်း ပြန်လည်ထူထောင်ရန် အာရုံစိုက်လာခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် အခြားနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှသာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားတို့ သာယာဝပြောရေးတွင် ထိရောက်စွာ ပါဝင်နိုင်လိမ့်မည်ဟု နိုင်ငံပိုင်မီဒီယာများက ရေးသားကြသည်။ သို့ရာတွင် နိုင်ငံခြားအင်အားကြီး နိုင်ငံများ၏ ကြားဝင်စွက်ဖက်မှုကိုမူ လုံးဝခွင့်ပြုမည်မဟုတ်ဟု ဆိုသည်။

F-04




FOLLOW US