News

POST TAGGED AS

မြောက်ကိုရီးယား

ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီ စင်ကာပူတွင် ကျင်းပမည်ဟု အိမ်ဖြူတော်ကြေညာ၊ အပြင်းထန်ဆုံး ဒဏ်ခတ်အရေးယူမှုများ ဆက်ရှိနေဦးမည်


ဝါရှင်တန်၊ ဇွန် ၅ 

သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ သမိုင်းဝင်ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံတွင် လာမည့်ဇွန်လ ၁၂ ရက်နေ့ ဒေသစံတော်ချိန် ၉ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်ဟု အမေရိကန်အိမ်ဖြူတော်က သတင်းထုတ်ပြန်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

“လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ သမ္မတကြီးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် ကျွန်မတို့တွေ တက်တက်ကြွကြွနဲ့ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်”ဟု အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးစ်က ပြောကြားသည်။ ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၏ စံတော်ချိန် နံနက် ၉ နာရီတွင် စတင်ကျင်းပမည်ဟုလည်း ကြေညာသည်။ 

“အားလုံး ရှေ့ဆက်သွားနေပါပြီ၊ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှုတွေလည်း ရှိထားပါပြီ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် စစ်ရေး၊ လုံခြုံရေး၊ နည်းပညာ၊ ဆေးဝါးကုသရေး စသည်တို့ပါဝင်သည့် အိမ်ဖြူတော်ရှေ့ပြေးအဖွဲ့သည်လည်း အရှေ့တောင်အာရှဒေသဆီမှ စင်ကာပူနိုင်ငံသို့ရောက် ရှိနေပြီဖြစ်သည်ဟု ဆာရာဆန်းဒါးစ်က အသိပေးပြောကြားသည်။ 

၎င်းတို့သည် ပြင်ဆင်စရာ၊ ဆောင်ရွက်စရာကိစ္စများကို အပြီးသတ်လုပ်ဆောင်လျက်ရှိပြီး ထိပ်သီးဆွေးနွေးပွဲကျင်းပသည့် အချိန်အထိ ဆက်ရှိနေမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ 

ထို့ပြင် သမ္မတထရမ့်သည် မြောက်ကိုရီးယားအရေးကိစ္စနှင့်ပတ်သက်၍ ၎င်း၏ အမျိုးသားလုံခြုံရေးအဖွဲ့ထံမှ နေ့စဉ်စီရင်ခံချက်များ လက်ခံရရှိနေသည်ဟုလည်း ဆိုသည်။ 

မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုမူဝါဒများမှာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်ဟု အိမ်ဖြူတော်ကဆိုသည်။ သမ္မတထရမ့်က အမြင့်ဆုံးဖိအားပေးသည်ဟူသော အသုံးအနှုန်းကို မသုံးလိုတော့ကြောင်း ပြောဆိုထားသော်လည်း အပြင်းထန်ဆုံးဒဏ်ခတ် အရေးယူမှုများဆက်ရှိနေမည်ဟု ဆိုခြင်းဖြစ်သည်။ 

ကင်ဂျုံအန်း၏ ညာလက်ရုံးဟုဆိုသော ထိပ်တန်းသံမတန် ဗိုလ်ချုပ်ကြီး ကင်ယောင်ချွာကို အိမ်ဖြူတော်၌ တွေ့ဆုံပြီးနောက် ထရမ့်က မြောက်ကိုရီးယားသည် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာသည်ဟု ဆိုသည်။ 

အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်ဖက်စလုံးသည် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လာသည်ဖြစ်၍ အပြင်းထန်ဆုံးဖိအားပေးသည်ဟူသော အသုံးအနှုန်းကို မသုံးလိုတော့ကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။ 

သမ္မတထရမ့်က မိမိကိုယ်မိမိ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော စေ့စပ်ညှိနှိုင်းရေးသမားသဖွယ် ပြောဆိုနေသော်လည်း နိုင်ငံရေးပညာရှင်များက ထရမ့်သည် မြောက်ကိုရီးယား၊ လက်နက်ထိန်းချုပ်ရေး သို့မဟုတ် နိုင်ငံတကာသံတမန်ဆက်ဆံရေးစနစ်ကို အနည်းငယ်သာသိသူဖြစ်ကြောင်း သုံးသပ်ကြသည်။ 

မကြာခဏဆိုသလို ပျက်ပြားမည့် သဘောမျိုးဖြစ်ခဲ့သည့် ဇွန်လ ၁၂ ရက် ထိပ်သီးဆွေးနွေးပွဲသည် မြောက်ကိုရီးယား နျူလက်နက်အစီအစဉ် စွန့်လွှတ်ရေးကို အဓိက အလေးအနက်ထားမည်ဖြစ်သည်။ 

စင်ကာပူထိပ်သီးဆွေးနွေးပွဲ ကျင်းပရန် ၆ ရက်မျှသာ လိုတော့သည်ဖြစ်သော်လည်း ပြုံယမ်းကွန်မြူနစ် အစိုးရအနေနှင့် စီစဉ်ထားသည့်အတိုင်း လိုက်ပါလာမည်လော၊ သို့မဟုတ် ထရမ့်၏ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးလာအောင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အမှန်တကယ် လုပ်ကိုင်ပေးမည်လောဟူသည် တို့ကို မည်သူကမျှ အာမခံပြောဆိုနိုင်ခြင်း မရှိသေးပေ။  

F-01



FOLLOW US