News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားတို့ ဆိုက်ဘာတိုက်ခိုက်မှုများ ကျူးလွန်နေဆဲဟု အမေရိကန်ပြော

နယူးယောက်၊ ဇွန် ၂

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက် စွန့်လွှတ်လိုသည့် အရိပ်အယောင်များ ပြသလျက်ရှိသော်လည်း ဆိုက်ဘာ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု ပြည်တွင်း လုံခြုံရေး အကြံပေးပုဂ္ဂိုလ်က စွပ်စွဲပြောကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသား ဖော်ပြသည်။

နျူကလီးယား အစီအစဉ်များကြောင့် ကြီးမားသည့် ဒဏ်ခတ် အရေးယူမှုများနှင့် ရင်ဆိုင်နေရသော မြောက်ကိုရီးယားအစိုးရသည် နှစ်များစွာ ဆိုက်ဘာ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်ဟု သတင်းကဆိုသည်။ မြောက်ကိုရီးယား ဟက်ကာများသည် ဘဏ်များနှင့် အခြား အင်စတီကျူးရှင်းများမှ ငွေကြေးများကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ကာ ရယူခဲ့ကြသည်ဟု ယင်းသတင်းက ဖော်ပြသည်။

သမ္မတထရမ့်က ကင်ဂျုံအန်းနှင့် ထိပ်သီး ဆွေးနွေးပွဲမှာ စီစဉ်ထားသည့်အတိုင်း ကျင်းပဖြစ်လိမ့်မည်ဟု ဆိုသော်ငြားလည်း အာရှနှင့် လက်တင်အမေရိကဒေသတို့တွင် မြောက်ကိုရီးယား ဟက်ကာများ၏ ဆိုက်ဘာ တိုက်ခိုက်မှုများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သည်ဟု အမေရိကန် ဆိုက်ဘာ လုံခြုံရေးအဖွဲ့ဖြစ်သည့် FireEye ၏ လက်အောက်ခံ Mandiant Consulting ၏ ဒုတိယဥက္ကဋ္ဌ ချားလ်စ် ကာမာကယ်လ်က ပြောကြားသည်။

“မြောက်ကိုရီးယား ဟက်ကာတွေရဲ့ ထိုးဖောက်တိုက်ခိုက်မှုတွေကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒီနှစ်အတွင်းမှာ ဖောက်ထွင်း ဝင်ရောက်မှုတွေ အများကြီး ရှိခဲ့တယ်၊ တချို့ဟာတွေက အခုအထိ ရှိနေတုန်းပဲ” ဟု ၎င်းကပြောကြားသည်။

သမ္မတဂျော့ဒဗလျူဘွတ်ရှ် လက်ထက်က အိမ်ဖြူတော်တွင် ပြန်ကြားရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ထရီဆာပေတန်က မြောက်ကိုရီးယား ဟက်ကာများသည် ငွေကြေးနှင့်ပတ်သက်၍ ရိုးသားမှုမရှိကြောင်း ပြောကြားသည်။

ယခုနှစ်အတွင်း FireEye က ခြေရာခံမိခဲ့သည့် မြောက်ကိုရီးယားဟက်ကာ များစွာအနက် Lazarus ဟူသည့် ဟက်ကာအုပ်စုသည် ၂၀၁၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်မှ ဒေါ်လာ ၈၁ သန်းတန် ဆိုက်ဘာဖောက်ထွင်းမှုကြီးကို ကျူးလွန်ခဲ့သည့်အုပ်စုဖြစ်သည်။

မြောက်ကိုရီးယား ဟက်ကာအုပ်စုများသည် လက်တင်အမေရိကနှင့် အာရှရှိ ငွေကြေး အဖွဲ့အစည်းများကို အဓိက ပစ်မှတ်ထားကာ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိသည်။

Mandiant Consulting ၏ ဒုတိယဥက္ကဋ္ဌ ချားလ်စ်ကာမာကယ်လ်ကမူ မြောက်ကိုရီးယားတို့၏ ရေရှည် အစီအစဉ်မှာ ကမ္ဘာတစ်ဝန်းရှိ အခြားအဖွဲ့အစည်းများထံမှ ငွေကြေးများ ခိုးယူပြီး ချမ်းသာကြွယ်ဝမှု ဖြန့်ဝေပေးရေးပင် ဖြစ်သည်ဟု ဝေဖန်သည်။

F-01



FOLLOW US