News

POST TAGGED AS

မြောက်ကိုရီးယား

နျူကလီးယားစမ်းသပ်သည့် လိုဏ်ခေါင်းများကို နိုင်ငံတကာမီဒီယာများရှေ့တွင် မြောက်ကိုရီးယားဖျက်ဆီးပြ


ဆိုးလ်၊ မေ ၂၄ 

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်ရာနေရာရှိ လိုဏ်ခေါင်းများကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီဖြစ်ပြီး ယင်းသို့ဖျက်ဆီးမှုကို နိုင်ငံခြားသတင်းစာဆရာများကို ခေါ်ယူပြသခဲ့ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ပြုံဂီရီဟုအမည်ရသည့် နျူကလီးယားစမ်းသပ်ဆိုက်သို့ ရောက်ရှိနေသော နိုင်ငံခြားသတင်းထောက်များက ၎င်းတို့သည် အဆိုပါဧရာမဖောက်ခွဲဖျက်ဆီးမှုကြီးကို မျက်မြင်တွေ့မြင်ခဲ့ရသည်ဟု ပြောကြားသည်။ 

မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသော်လည်း သံသယဖြစ်မှုများတစ်ဖက်နှင့်တစ်ဖက် ထုတ်ဖော်ပြောဆိုနေချိန်တွင် ယခုကဲ့သို့ နျူကလီးယားစမ်းသပ်ဆိုက်ရှိ လိုဏ်ခေါင်းများကို ဖျက်ဆီးပြခြင်းဖြစ်သည်။ 

သိပ္ပံပညာရှင်အချို့ကမူ ယခုဖျက်ဆီးပြသည့် နျူကလီးယားစမ်းသပ်ဆိုက်သည် တစ်စိတ်တစ်ပိုင်းမျှ ပျက်စီးနေပြီဖြစ်သည့်နေရာဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း သံတမန်အသိုင်းအဝိုင်းက လာမည့် ဇွန်လ ၁၂ ရက်၊ အမေရိကန်ပြည်ထောင်စုသမ္မတ ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲ မစတင်မီ ယခုလို နိုင်ငံခြားသတင်းထောက်များကို ခေါ်ယူပြီး နျူကလီးယားစမ်းသပ်ဆိုက်ကို ဖျက်ဆီးပြခြင်းသည် အနောက်ကမ္ဘာနှင့် သံတမန်ရေးရာ ပြန်ပေါင်းထုပ်လိုသည့် သဘောထားကို ပြသခြင်းဖြစ်သည်ဟုဆိုသည်။ 

ဤအတောအတွင်းမှာပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီး ယားအစိုးရအရာရှိကြီးများအပေါ် ကန့်သတ်ပိတ်ပင်ထားသော ခရီးသွားလာမှုကန့်သတ်ချက်ကို ဖယ်ရှားပေးရန် သဘောတူလိုက်သည်။ ယင်းသို့ဖယ်ရှားရခြင်းမှာ စင်ကာပူတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသို့ မြောက်ကိုရီးယားအစိုးရ အရာရှိကြီးများ သွားရောက်နိုင်ရေးအတွက် ဖြစ်သည်။ 

လုံခြုံရေးကောင်စီမှ ဒဏ်ခတ်အရေး ယူရေးကော်မတီအနေနှင့် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ဇွန်လ ၁၂ ရက် နေ့တွင်ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသို့ မြောက်ကိုရီးယားအရာရှိကြီးများ တက်ရောက်နိုင်ရေးအတွက် ခရီးသွားလာခွင့် ပိတ်ပင်မှုကို ဖယ်ရှားပေးပါရန် စင်ကာပူနိုင်ငံက အဆိုပြုခဲ့ခြင်းလည်းဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံကမူ ယင်းထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ အတိအကျထုတ်ဖော်ပြောဆိုမှု မရှိသေးသော်လည်း အကယ်၍ အမေရိကန်ဘက်က နျူကလီးယားဖျက်သိမ်းရေးကို တစ်ဖက်သတ် ဖိအားပေးမည်ဆိုပါက တက်ရောက်မည်မဟုတ်ဟု ဆိုထားသည်။

F-01



FOLLOW US