News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားနှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲ ဒေါ်နယ်ထရမ့် မတက်ရောက်လိုဟု ဒုသမ္မတပြော


ဝါရှင်တန်၊ မေ ၂၂ 

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲသို့ မတက်ရောက်တော့ရန် ဆန္ဒဖြစ်လျက်ရှိသည်ဟု ဒုတိယသမ္မတ မိုက်ပင့်စ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

စင်ကာပူတွင် ဇွန်လ ၁၂ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံက ပြီးခဲ့သည့် သီတင်းပတ်အတွင်း သံသယဝင်သည့်သဘောမျိုး ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အမေရိကန်ဒုတိယသမ္မတက ယခုလို ထုတ်ဖော်ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ 

မြောက်ကိုရီးယားနိုင်ငံအနေနှင့် ပေးရန်ဆန္ဒမရှိသော ကတိကဝတ်များအတွက် အမေရိကန်ပြည်ထောင်စုထံမှ သဘောတူညီမှုများရယူရန် မကြိုးပမ်းသင့်ကြောင်း ၎င်းကဆိုသည်။ 

“တကယ်လို့ ကင်ဂျုံအန်းက ဒေါ်နယ်ထရမ့်ကို ကစားလို့ရမယ်လို့ထင်မှတ်နေမယ်ဆိုရင် သူ့အတွက်အင်မတန်ကြီးမားတဲ့ အမှားဖြစ်ပါလိမ့်မယ်” ဟု မိုက်ပင့်စ်က ပြောကြားသည်။ 

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား ပြုလုပ်မည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲသည် နှစ်ဖက်သဘောတူညီချက်တစ်ရပ် ရရှိရန် ဖြစ်နိုင်ခြေမရှိပါက ယင်းဆွေးနွေးပွဲကို ကျောခိုင်းထွက်ခွာသွားမည်ဖြစ်ကြောင်း ထရမ့်က ထုတ်ဖော်ပြောဆိုထားသည်။ 

ယခုအခါ ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့မှ အမေရိကန်အရာရှိကြီးများသည် နျူကလီးယားဖြုတ်သိမ်းရေးနှင့် ပတ်သက်၍ မြောက်ကိုရီးယားခေါင်းဆောင်ဘက်က တင်းမာသည့် အနေအထားရယူခြင်း ရှိ၊ မရှိကို ဆုံးဖြတ်နိုင်ရေးအတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းအနေနှင့် အကူအညီပေးနိုင်မည့် နည်းလမ်းကို ရှာဖွေလျက်ရှိသည်ဟု အမည်မဖော်လိုသောအရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန်အစိုးရအဖွဲ့မှ အချို့သော အရာရှိကြီးများကလည်း တောင်ကိုရီးယားသမ္မတမွန်ဂျေအင်းသည် နျူကလီးယား ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ စေ့စပ်ဆွေးနွေးမှုများပြုလုပ်လိုသည့် မြောက်ကိုရီးယားခေါင်းဆောင်၏ ဆန္ဒသဘောထားကို အရှိတရားထက်ပိုကာယုံကြည်မှု လွန်ကဲနေကြောင်း ဝေဖန်လျက်ရှိသည်။ 

ဒေါ်နယ်ထရမ့်သည် မကြာမီရက်ပိုင်းအတွင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့်တွေ့ဆုံမည်ဖြစ်သည်။ လတ်တလော အနေအထားတွင် မြောက်ကိုရီးယားနိုင်ငံအနေနှင့် နျူကလီးယားဖြုတ်သိမ်းရေးဆိုင်ရာ အဆိုပါဆွေးနွေးပွဲနှင့်ပတ်သက်၍ အလေးအနက်ထားခြင်း ရှိ၊ မရှိကို လေ့လာစောင့်ကြည့်လျက်ရှိသည်။ 

သမ္မတမွန်ဂျေအင်းမှာမူ အိမ်ဖြူတော်သို့သွားရောက်ကာ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းသို့ တွေ့ဆုံရာတွင် စင်ကာပူထိပ်သီးဆွေးနွေးပွဲကိစ္စကိုလည်း အလေးအနက်ထား ဆွေးနွေးဖွယ်ရှိသည်။ 

မြောက်ကိုရီးယားနိုင်ငံကမူ အကယ်၍ အမေရိကန်ဘက်က တစ်ဖက်သတ်ဖိအားပေးမှုများ ပြုလုပ်မည်ဆိုပါက ယင်းထိပ်သီးဆွေးနွေးပွဲသို့ ခေါင်းဆောင် ကင်ဂျုံအန်းတက်ရောက်မည့်ကိစ္စကို ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း ထုတ်ဖော်အသိပေးထားသည်။

F-01



FOLLOW US