News

POST TAGGED AS

မြောက်ကိုရီးယား

မြောက်ကိုရီးယားအပေါ် တောင်ကိုရီးယားတို့၏ ယုံကြည်မှုမြင့်တက်ဟု စစ်တမ်းဖော်ပြ


ဆိုးလ်၊ မေ ၁ 

ကင်ဂျုံအန်းနှင့် သမ္မတမွန်ဂျေအင်းတို့ ပြီးခဲ့သည့်သောကြာနေ့က နယ်စပ်ဒေသ စစ်မက်မဖြစ်ပွားရေးဇုန်တွင် သမိုင်းဝင်ပထမဆုံးတွေ့ဆုံခဲ့ကြပြီးနောက် မြောက်ကိုရီးယားနိုင်ငံအပေါ် တောင်ကိုရီးယား၏ ယုံကြည်မှုမှာ မြင့်တက်လာကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

ကင်ဂျုံအန်းနှင့် မွန်ဂျေအင်းတို့သည် တောင် - မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ရန်စပြုမူမှုများ အဆုံးသတ်ရေးနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေးတို့ကို ဆက်လက်အကောင်အထည်ဖော်သွားကြရန် သဘောတူညီခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံမှုအပြီး ပြုလုပ်သော စစ်တမ်းတစ်ခုအရ တောင်ကိုရီးယား နိုင်ငံသား ၆၄ ဒသမ ၇ ရာခိုင်နှုန်းသည် မြောက်ကိုရီးယားအနေနှင့် နျူကလီးယား လက်နက်ဖြုတ်သိမ်းပေးပြီး ငြိမ်းချမ်းမှုကို ထိန်းသိမ်းသွားလိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံပွဲမတိုင်မီကမူ ၁၄ ဒသမ ၇ ရာခိုင်နှုန်းကသာ ထိုသို့လုပ်ဆောင်မည်ဟု ယုံကြည်ခဲ့ကြကြောင်း စစ်တမ်းပြုလုပ်ခဲ့သည့် Realmeter သုတေသန အေဂျင်စီက ပြောကြားသည်။ 

တောင် - မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးတွေ့ဆုံပွဲ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုကို တောင်ကိုရီးယားနိုင်ငံသားများ ကြည့်ရှုခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှုတွင် ကင်ဂျုံအန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ရယ်စရာများလည်း ပြောဆိုခဲ့သည်ကိုတွေ့ရသည်။ တောင်ကိုရီးယားနိုင်ငံသားများသည် ကင်ဂျုံအန်းကို ထိုသို့ ပေါ့ပေါ့ပါးပါး ပုံစံမျိုးဖြင့် မတွေ့ဖူးခဲ့ကြပေ။ 

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာတွင် ကင်ဂျုံအန်းက မြောက်ကိုရီးယားနိုင်ငံ၏ မီးရထားစနစ် ခေတ်နောက်ကျနေသည်ဟူသောအချက်ကို ပြောကြားခဲ့သလို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကိုလည်း ဒုံးကျည်များပစ်လွှတ်ပြီး နံနက်အိပ်ရာထရန် နှိုးတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

စစ်တမ်းအတွက်ပြုလုပ်သော အင်တာဗျူးများအရ ကင်ဂျုံအန်းသည် ၎င်း၏ ဖခင် ကင်ဂျုံအီ၊ အဘိုးဖြစ်သူ ကင်အီဆွန်းတို့နှင့် မတူထူးခြားသော ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု တောင်ကိုရီးယားပြည်သူများက ရှုမြင်လျက်ရှိသည်။ 

“နျူကလီးယားဖျက်သိမ်းရေးဟာ မလွဲမသွေဖြစ်လာမှာပါ၊ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ သူ့တိုင်းပြည်ရဲ့အားနည်းချက်တွေကို ထုတ်ပြောရဲတယ်၊ အင်မတန် ပွင့်လင်းတယ်။ ဒါဟာ အရင် မြောက်ကိုရီးယားခေါင်းဆောင်တွေနဲ့ မတူတဲ့အချက်ပါ။ ကျွန်တော်ထင်ပါတယ် သူ့အနေနဲ့ နျူကလီးယားလက်နက်တွေကို အမှန်တကယ်ပဲ ဖြုတ်သိမ်းပါလိမ့်မယ်”ဟု အသက် ၄၁ နှစ်အရွယ်ရှိ ကင်ဂျင်ဟန်ဆိုသူက ပြောကြားသည်။

F-01



FOLLOW US