News

POST TAGGED AS

မြောက်ကိုရီးယား

ကင်ဂျုံအန်းနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်မည့်နေရာ စဉ်းစားရာတွင် စင်ကာပူလည်းပါဝင်ဟု သမ္မတထရမ့်ပြောကြား


ဝါရှင်တန်၊ မေ ၁ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်အတူ ကျင်းပပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် ကျင်းပသင့်သောနိုင်ငံများကို စဉ်းစားရာတွင် စင်ကာပူလည်းပါဝင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကင်ဂျုံအန်းနှင့်ဆွေးနွေးပွဲပြုလုပ်မည့်ကိစ္စကို ကောင်းမွန်စွာအကောင် အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ကိုရီးယားနှစ်နိုင်ငံအကြားရှိ စစ်မက်မဖြစ်ပွားရေးဇုန်ထဲတွင် ကျင်းပရန် သင့်၊ မသင့် ဟူသည်ကိုလည်း ဆွေးနွေးလျက်ရှိကြောင်း ထရမ့်ကဆိုသည်။ 

သမိုင်းတွင်သည့်ဖြစ်ရပ်အဖြစ် သတ်မှတ်ခံလာရမည့် ယင်းဆွေးနွေးပွဲကျင်းပမည့်နေရာ နှစ်နေရာ၊ သုံးနေရာလောက်ကို အလေးအနက်ထားစဉ်းစားလျက်ရှိသည်ဟု ဆိုသည်။ 

နိုက်ဂျီးရီးယားသမ္မတ မူဟန်မာဒူဘူဟာရီနှင့်အတူ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင်နှင့် ဆွေးနွေးပွဲအတွက် စင်ကာပူနိုင်ငံကိုလည်း ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း ပြောကြားသည်။ သို့သော် ဧပြီလ ၃၀ ရက်နေ့ Twitter စာမျက်နှာမှတစ်ဆင့်ဖော်ပြရာတွင် ကိုရီးယားနှစ်နိုင်ငံအကြားရှိ စစ်မက်မဖြစ်ပွားရေးဇုန်၌ ကျင်းပရေးကို အလေးအနက်ထား စဉ်းစားလျက်ရှိသည်ဟုလည်း ဆိုပြန်သည်။ 

“စင်ကာပူအပါအဝင် တခြားနိုင်ငံတွေကိုလည်း ကျွန်တော်တို့စဉ်းစားနေပါတယ်။ လူတိုင်းကလည်း ကျွန်တော်တို့ကို အဲဒီဆွေးနွေးပွဲကြီး မြန်မြန်ပြုလုပ်စေချင်ကြတယ်။ ဒါဟာ သမိုင်းဝင် ဧရာမဖြစ်ရပ်ကြီးတစ်ခုဖြစ်လာမှာပါ” ဟု ထရမ့်က ပြောကြားသည်။ 

ဆွေးနွေးပွဲ ကျင်းပပြုလုပ်ဖွယ်ရှိသည့် အခြားနိုင်ငံများတွင် မွန်ဂိုလီးယားနှင့် ဆွစ်ဇာလန်တို့လည်းပါဝင်သည်။ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကမူ အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သည့်ဘက်ကမျှ တရားဝင်ထုတ်ဖော် အဆိုပြုမှုတစ်စုံတစ်ရာမရှိသေးကြောင်း ဧပြီ ၂၈ ရက်နေ့တွင် ပြောကြားထားသည်။ 

ပြီးခဲ့သည့် သောကြာနေ့က တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့သည် ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည့် စစ်မက်မဖြစ်ပွားရေးဇုန်ရှိ ငြိမ်းချမ်းရေးခန်းမထဲတွင် တွေ့ဆုံခဲ့သည်။ ယင်းနေရာသည် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြားတွင်တည်ရှိပြီး မန်မူဂျွန်ကျေးရွာဟုလည်း ခေါ်သည်။ 

ကင်ဂျုံအန်းနှင့် မွန်ဂျေအင်းတို့ တွေ့ဆုံခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးအလားအလာမှာ အပေါင်းလက္ခဏာဆောင်သည့်ဘက်သို့ များစွာ ရောက်ရှိလာခဲ့သည်။ 

ဒေါ်နယ်ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ထိပ်သီးဆွေးနွေးပွဲကို ယခုမေလကုန်ပိုင်း သို့မဟုတ် ဇွန်လဆန်းပိုင်းတွင် ကျင်းပလာနိုင်ဖွယ်ရှိပြီး ယင်းဆွေးနွေးပွဲသည် တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးတို့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းလည်း ဖြစ်သည်။

F-01



FOLLOW US